26 C
Yangon

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အထောက်အထား ထုတ်ပေးရာတွင် ယခင် နည်းလမ်းနှင့် ကုန်ကျစရိတ်အတိုင်းသာ ဆောင်ရွက်ပေးရန် NUG က ထိုင်းအစိုးရထံ တောင်းဆို

Must read

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အထောက်အထား ထုတ်ပေးရာတွင် ယခင် နည်းလမ်းနှင့် ကုန်ကျစရိတ်အတိုင်းသာ ဆောင်ရွက်ပေးရန် NUG က ထိုင်းအစိုးရထံ တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၅

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အထောက်အထား ထုတ်ပေးရာတွင် ယခင် နည်းလမ်းနှင့် ကုန်ကျစရိတ်အတိုင်းသာ ဆောင်ရွက်ပေးရန် NUG က ထိုင်းအစိုးရထံ တောင်းဆို လိုက်ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို နေထိုင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးခြင်းနှင့် အထောက်အထားထုတ်ပေးခြင်း လုပ်ငန်းစဉ်များတွင် မြန်မာအလုပ်သမားများကို အခက်အခဲဖြစ်စေမည့်အချက်အလက်များ ပါရှိနေ၍ ယခင်နည်းလမ်းနှင့် ကုန်ကျစရိတ် အတိုင်းသာ လုပ်ကိုင်ဆောင်ရွက်ပေးရန် ထိုင်းအစိုးရထံ တောင်းဆိုသော ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို နေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးခြင်းနှင့် အထောက်အထားထုတ်ပေးခြင်းလုပ်ငန်းစဉ်များတွင် မြန်မာအလုပ်သမားများ၏ အချက်အလက်များကို စစ်ကောင်စီသို့ ပေးပို့ စိစစ်ခြင်း၊ အကြမ်းဖက်စစ်တပ်သို့ ပြည်ပလစာ ဝင်ငွေခွန်ပေးဆောင်ထားခြင်း၊ စစ်ကောင်စီက သတ်မှတ်ထားသည့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများက တစ်ဆင့် ဗဟိုဘဏ်သတ်မှတ်ငွေလဲနှုန်းအတိုင်း မြန်မာ မိသားစုထံ ငွေလွှဲပြောင်းမှု အထောက်အထားပြသစေခြင်း စသည့် အကြမ်းဖက်စစ်တပ်နှင့် ဆက်စပ်သည့်အချက်များ ပါဝင်နေကြောင်း၊ အဆိုပါ အချက်များသည် အကြမ်းဖက်စစ်တပ်၏ ဖိနှိပ်မှုမျိုးစုံကြောင့် ဒုက္ခတွေ့နေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အထောက်အထားမဲ့ဖြစ်စေရန် တွန်းပို့သကဲ့သို့ ဖြစ်နေကြောင်း တောင်းဆိုစာတွင် ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီက မြန်မာပြည်သူများအပေါ် နေ့စဉ် အကြမ်းဖက်မှုနှင့် ဗုံးကျဲသတ်ဖြတ်မှုများအတွက် လိုအပ်နေသည့် နိုင်ငံခြားငွေ ရရှိစေရန် သွယ်ဝိုက်၍ ပံ့ပိုးကူညီသည့် သဘောသက်သက်ရောက်စေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများကို နေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးခြင်းနှင့် အထောက်အထားထုတ်ပေးခြင်းလုပ်ငန်းစဉ်များတွင် ခန့်မှန်း သတ်မှတ်ကုန်ကျစရိတ်သည် ယခင်ကုန်ကျစရိတ်ထက် ၂ ဆ သို့မဟုတ် ၃ ဆအထိ ရှိလာနိုင်ခြင်း အချက်သည်လည်း မြန်မာအလုပ်သမားများကို အခက်အခဲ ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း အခြေခံအလုပ်သမားအခွင့်အရေး နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်နေခြင်းကြောင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)နှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)တို့၏ မကြာမီ အရေးယူခြင်း ခံရတော့မည့် အကြမ်းဖက်စစ်အုပ်စု၏ မြန်မာအလုပ် သမားများအပေါ် ဖိနှိပ်မှုကို အားပေးကူညီခြင်း မပြုလုပ်ဘဲ ထိုင်းနိုင်ငံ၏ လူမှုစီးပွားတိုးတက်မှုကို တဖက်တလမ်းက အထောက်အကူပြုပေးနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပိုမို ခက်ခဲစေသည့် အခြေအနေ မရောက်ရှိစေရေးအတွက် ထိုင်းအစိုးရက ယခင်ဆောင်ရွက်ပေးခဲ့ သည့် နည်းလမ်းနှင့် ကုန်ကျစရိတ်အတိုင်းသာ နေထိုင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးခြင်းနှင့် အထောက်အထား ထုတ်ပေးခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးစေလိုကြောင်းလည်း NUG အစိုးရ က ထိုင်းအစိုးရကို တိုက်တွန်းတောင်းဆိုသည့် ထုတ်ပြန်ချက်တွင် ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article