ရန်ကုန်၊ ဒီဇင်ဘာ ၆
ရခိုင်ပြည်၊ ဂွမြို့အနီးတွင် တိုက်ပွဲများ ပြင်းထန်လာသဖြင့် ရခိုင်ပြည်သူများမှာ ဂွမြို့နယ်နှင့်အစပ် ဧရာ၀တီတိုင်းဘက်သို့ ထွက်ပြေးနေကြရာတွင် စစ်တပ်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများက AA ပါလာမည်ဟုဆိုကာ စစ်ဘေးရှောင်ပြည်သူများကို ကျေးရွာများအတွင်း နေထိုင်ခွင့်မပြု၍ စစ်ဘေးရှောင် ပြည်သူများ ဒုက္ခရောက်နေရကြောင်း စစ်ဘေးရှောင် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်း၊ ဂွမြို့မှ စစ်ဘေးရှောင် ပြည်သူများသည် ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်ခွဲ၊ သီတာကုန်းပြင်နှင့် လက်ပန်ပင်ကျေးရွာများသို့ ရောက်ရှိလာကြကြောင်း၊ သို့ရာတွင် စစ်တပ်ခန့်ထားသော ကျေးရွာအုပ်ချုပ်ရေးမှူးများက စစ်ဘေးရှောင်ပြည်သူများတွင် AA တပ်ဖွဲ့ဝင်များ ရောနှောပါလာလာနိုင်သည်ဟုဆိုကာ စစ်ဘေးရှောင်ပြည်သူများကို ကျေးရွာများအတွင်းသို့ ဝင်ရောက် နေထိုင်ခွင့်မပြုခဲ့ကြောင်း၊ ဂွမြို့မှ ထွက်ပြေးလာသော စစ်ဘေးရှောင် ပြည်သူများမှာ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများ၏ ကန့်သတ်ပိတ်ပင်မှုများကြောင့် စားဝတ်နေရေး အတိဒုက္ခရောက်နေရကြောင်း သိရှိရသည်။
“ဒီမနက်ပိုင်းမှာ ဂွမြို့က စစ်ဘေးရှောင် ပြည်သူ တော်တော်များများ သီတာကုန်းပြင်နဲ့ လက်ပန်ပင်ကျေးရွာဘက်တွေရောက်တယ်။ ရွာထဲက ပြည်သူတွေက ကြိုဆိုပါတယ်။ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးတွေက AA တွေပါလာမယ်ဆိုပြီး ရွာထဲ ဝင်ခွင့်မပေးဘူး။ အခုတော့ စားသောက်နေထိုင်ရေး တော်တော်ခက်နေကြတယ်” ဟု စစ်ဘေးရှောင် ရခိုင်ပြည်သူတစ်ဦးက ရှင်းပြသည်။
ဧရာ၀တီတိုင်းဘက်သို့ ထွက်ပြေးလာသော စစ်ဘေးရှောင် ပြည်သူများမှာ ဂွမြို့နယ်၊ရဟိုင်ကွင်းကျေးရွာ၊ ရဟိုင်ကတို့ကျေးရွာ၊ ကျောက်ကြီးကျေးရွာ၊ ရဟိုင်ဖျားကျေးရွာနှင့် ကွမ်းရားရှည်ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ဒီဇင်ဘာလ ၂ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်နှင့် AA အကြားတိုက်ပွဲများက ဂွမြို့နှင့် အနီးကပ်ဆုံး ရောက်ရှိနေကြောင်း ၊ နေ့စဉ် တိုက်ပွဲ ပြင်းထန်နေကြောင်း၊ စစ်ကောင်စီက လေကြောင်းအဓိက သုံး၍ ခုခံနေပြီး စစ်တပ်များက ဂွမြို့တွင်းထဲသို့ ဆုတ်ခွာနေကြောင်း သိရှိရသည်။
“ရန်သူစစ်ကောင်စီဟာ အကျအဆုံးအသေများဒဏ်ရာရသူများပီး ဆုတ်ခွာရာလမ်းတလျောက်ကိုလေကြောင်းက ရှင်းပေးလျက်ရှိပါတယ်။အာရက္ခတပ်တော်ဖက်ကလည်း စကစရန်သူစခန်းတစ်ခုပြီး တစ်ခုဆက်လက်သိမ်းယူနေပါတယ်။ မကြာခင်မှာဂွမြို့အပြောင်းလဲတချို့မြင်ရဖို့ရှိပါတယ်” ဟု AA ရှေ့တန်းသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2024/12/469380733_941676111393329_6878602193403760147_n.jpg)