19.8 C
Yangon

လက်ပံတန်းရှိ ကျေးရွာများမှ ပြည်သူများကို ပေါ်တာဆွဲ လိုက်လံ ဖမ်းဆီးနေသည့် စစ်တပ်က ထောင်ထားသည့်မိုင်း နင်းမိပြီး ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာရ၊ ပြည်တွင်လည်း စစ်တပ်က ပြည်သူ ၁၆ ဦးကို ပေါ်တာဆွဲဖမ်းဆီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ရှိ ကျေးရွာများမှ ပြည်သူများကို ပေါ်တာဆွဲ လိုက်လံ ဖမ်းဆီးနေသည့် အကြမ်းဖက် စစ်တပ်က ထောင်ထားသည့်မိုင်း နင်းမိပြီး ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ် ပကဖ တာဝန်ခံ ကိုကိုအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် နံနက် အစောပိုင်း ၁ နာရီခန့်တွင် လက်ပံတန်းမြို့နယ်အတွင်းရှိ ထန်းပင်ချောင်ရွာ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထောင်ထားသော မိုင်းနင်းမိပြီး အသက် ၄၇ နှစ်အရွယ် ကိုကျော်စွာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ညအချိန်တွင် ပြည်သူများ ပေါ်တာဆွဲ လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများသည် နေအိမ်များ၌ အိပ်စက်နိုင်ခြင်းမရှိဘဲ ညအချိန်တွင် တိမ်းရှောင်နေရကြောင်း၊ ထိုသို့ အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးချိန်တွင် ကျေးရွာလမ်းမများ၌ နင်းမိုင်းများထောင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ရွာတွေကို ညအချိန် ပေါ်တာဆွဲဖို့ ဝင်ရောက်ဖမ်းဆီးတာတွေရှိတယ်။ အဲတာတွေကြောင့် ပြည်သူတွေက ရွာထဲမှာ မအိမ်ရဲဘဲ တိမ်းရှောင်နေရတာတွေရှိတယ်။ နောက်ပြီတော့ ပြည်သူတွေက သူတို့ စားဝတ်နေရေး ရှိသေးတော့ တိမ်းရှောင်လိုက် နေအိမ်ကို ပြန်လာလိုက်တဲ့ လုပ်နေရတာ စစ်ခွေးတွေက ရွာတွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်ပြီးတာနဲ့ နင်းမိုင်းတွေထောင်ထားခဲ့တာ မိုင်းနင်းမိတဲ့ ပြည်သူကလည်း ရွာကို ပြန်လာတဲ့ အချိန် စစ်ခွေးတွေ ထောင်ထားတဲ့ နင်းမိုင်းကို ရွာထိပ်မှာ နင်းမိပြီး ညာဘက်ခြေထောက် ခြေကျင်ဝတ်ကပြတ်သွား ဒဏ်ရာအခြေအနေ ပြင်းထန်တယ်” ဟု မြို့နယ် ပကဖ တာဝန်ခံ ကိုကိုအောင်က ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင်လည်း နိုဝင်ဘာလ ၃၀ ရက်နေ့၌ အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁၆ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ပြည်မြို့နယ် သဲကျဲကြီးကျေးရွာမှ စပါးအငှားလိုက်သော လူငယ် ၃ ဦး ၊ တီတွတ်ရွာမှ လူငယ် ၁ ဦး ၊ ဝက်ထီးကန်ရွာမှ လူငယ် ၂ ဦး ၊ ဆီဆုံကုန်းကြီးရွာမှ စျေးဝယ်နေသည့် လူငယ် ၅ ဦး ၊ ဆီဆုံကုန်းကြီးတောင်ပေါ် လူငယ် ၂ ဦး ၊ ဆီဆုံကုန်းကြီးအရှေ့ပုပ္ပါးမှ လူငယ် ၂ ဦး နှင့် ဆီဆုံကုန်းကြီးကွက်သစ်မှ လူငယ် ၁ ဦး တို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article