လှိုင်သာယာ ၁၁ ရပ်ကွင် အုပ်ချုပ်ရေးမှူး တင့်ဇော်နှင့် မုံရွာတွင် ဆက်ကြေး တောင်းနေသော စစ်ကောင်စီ တပ်သား ၂ ဦးတို့ ပစ်ခတ်ခံရပြီး ထိခိုက်မှုရှိ
ရန်ကုန်တိုင်း၊ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး တင့်ဇော် ကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။
ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး တင့်ဇော်သည် စစ်ကောင်စီ အလိုကျ ပြည်သူကို အနိုင်ကျင့် ဗိုလ်ကျနေသောကြောင့် မြောက်ပိုင်းခရိုင် ပကဖ တိုက်ခိုက်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အရပ်သားပြည်သူများ ထိခိုက်မှု မရှိစေရန် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အရ ၎င်း၏ အမျိုးသမီးကို ထိခိုက်မည်စိုး၍ ထိမ်းသိန်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် တင့်ဇော်၏ ပေါင်နှင့် ဝမ်းဗိုက်တို့၌သာ ကျည်ရှပ်ထိ ဒဏ်ရာများရရှိခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။
အုပ်ချုပ်ရေးမှူး တင့်ဇော်သည် ယခု တစ်ကြိမ်တွင် ကံကောင်း၍ လွတ်မြောက်သွားနိုင်သော်လည်း နောက်နောင်၌ တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တင့်ဇော်ကဲ့သို့ ပြည်သူများကို အနိုင်ကျင့် စော်ကားနေသော ကျန်ရှိနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုလည်း ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးပြောဆိုထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ငြိမ်းချမ်းရေးလမ်းဆုံတွင် ကားနှင့် ဆိုင်ကယ်များကို တားဆီး၍ ငွေညှစ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုး တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မုံရွာမြို့နယ် စက်မူ-၁ ၊ ငြိမ်းချမ်းရေး လမ်းဆုံတွင် ကားနှင့် ဆိုင်ကယ်များကို ငွေညှစ် တောင်းရမ်းနေသော အကြမ်းဖက် စစ်သား ကျော်ကြီးနှင့် ရဲ ၁ ဦးတို့ကို မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုး တပ်ရင်းမှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိချိန်ထိ ဆေးရုံတွင်ဆေးကုသမှု ခံယူနေရကြောင်း၊ ယင်း စစ်ကောင်စီ တပ်သား ၂ ဦးထံမှ ဖုန်း ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“အခုချိန်ထိ ဆေးရုံမှာလို့ သိရတယ်။ စစ်ခွေး အမည်က ကျော်ကြီးတဲ့ ရဲကတော့ အမည်မသိဘူး။ တော်လှန်ရေး ရဲဘော်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။ ကျနော်တို့ရဲ့ လုံခြုံရေးကြောင့် ခုမှ ထုတ်ပြန်နိုင်တာပါ” ဟု မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုး တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
Photo – အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးထံမှ သိမ်းဆည်းရမိသော ပစ္စည်းများ