ဝက်လက်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၃ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ ဖြူးမြို့နယ်တွင်လည်း စစ်တပ် ကင်းပုန်းကို ဝင်ရောက် တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၃ စီးကို ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း DOUNG NI People Defence Force – DNPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဝက်လက်မြို့နယ် ရှိုန်းမကား ဗျူဟာလမ်းပိုင်း၌ စကျင်ဘက်မှ ပြည်သူပိုင် ကားများကို အတင်းအဓမ္မ လုယူပြီး ထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ကား ၃ စီးကို ဒေါင်းနီ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း ကား ၁ စီးကို ချေမှုန်း တိုက်ခိုက်နိုင်ခဲ့ပြီး ကားပေါ် လိုက်ပါလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား၂ ဦးနှင့် ပျူစောထီး ခေါင်းဆောင် ၁ ဦးတို့ သေဆုံးကာ လက်နက်ခဲယမ်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ကျန် ကား ၂ စီးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ အရှေ့ဘက်ရှိ လေးအိမ်စုကျေးရွာအနီး ကင်းပုန်းဝပ်၍ တိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း PhyuTownship People’s Defense Organization မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ အရှေ့ဘက် လေးအိမ်စုကျေးရွာ အနောက်ဘက်၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကင်းပုန်းဝပ်၍ တိုးလာစဉ် ဖြူးမြို့နယ် ပကဖ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ချောင်းရိုးအတိုင်း ခင်ဝိုင်းရွာဘက်ကို တပ်ပျက်၍ ထွက်ပြေးသွားပြီး ကျွန်းတောကုန်းရွာလမ်းထိပ် ဇရပ်အထိ ဖြူးမြို့နယ် ပကဖရဲဘော်များက လိုက်လံ ပစ်ခတ်တိုက်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် နယ်မြေရှင်းလင်းရေးများ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
“စစ်ခွေး ထိခိုက်သေဆုံးကတော့ အတည်မပြုနိုင်သေးပါဘူး။ နယ်မြေရှင်းလင်းရေးတွေ ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု PhyuTownship People’s Defense Organization မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။