ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရ
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ရွှေကျင်မြို့နယ်၊ အင်္ဂနီကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခလရ ၅၇ တပ်ရင်းက ရုံးတိုင်းကျေးရွာကို ၆၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ရုံးတိုင်း ကျေးရွာမှ အသက် ၆၇ နှစ်အရွယ် ဒေါ်သေး သေဆုံးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ တပ်ရင်းက ချုံအင်းကျေးရွာကို လက်နက်ကြီး ၁၂၀မမ ၁ လုံး၊ ဂွေးကုန်းကျေးရွာကို လက်နက်ကြီး ၁၂၀မမ ၁ လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အင်္ဂနီကျေးရွာတွင် တပ်စွဲထားသော ခလရ-၅၇ တပ်ရင်းက စံဖဲကျေးရွာကို လက်နက်ကြီး ၅ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စံဖဲကျေးရွာမှ အသက် ၄၂ နှစ်အရွယ် ဦးခင်ဝင်းနှင့် အသက် ၄၅ နှစ်အရွယ် မစန်းမူ တို့ ၂ ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိ ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။