PJ အလုပ်အကိုင် နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ အမြန်ဆုံးထွက်ခွင့်ရရှိရေး အဓိက ကျသည့် OWIC ကတ် အမြန်ကြေး ငွေကျပ်သိန်း ၂၀ ကျော်အထိ စျေးပေါက်
မြန်မာနိုင်ငံမှ PJ အလုပ်အကိုင် နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ အမြန်ဆုံးထွက်ခွင့်ရရှိရေးအတွက် အဓိက ကျသည့် OWIC (Oversea Workers Identity Card) ကတ် အမြန်ကြေး ငွေကျပ်သိန်း ၂၀ ကျော်အထိ စျေးပေါက်နေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက PV အလည်အပတ်နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ ထွက်ခွာမှုများကို အထူးတင်းကျပ်စိစစ်ပြီး PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာမှုများကို စိစစ်မှု မရှိသလောက် ခွင့်ပြုနေကြောင်း၊ ထို့ကြောင့် PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွင့်မရသူများက PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်၍ အလုပ်အကိုင်ဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာလာကြကြောင်း၊ PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်သို့ ထွက်ခွာရာတွင် အဓိကအားဖြင့် OWIC က အဓိကကျပြီး ယင်းကတ်ပါမှသာ ပြည်ပနိုင်ငံသို့ ထွက်ရှိကြောင်း သိရှိရသည်။
” OWIC ကတ်လုပ်ဖို့က ပြည်ပအလုပ်အကိုင်လမ်းညွှန်မှုသင်တန်း တက်ရတယ်။ Demand Letter ၊ ကျွမ်းကျင်မှု လက်မှတ်၊ ဗီဇာ၊ အလုပ် စာချုပ် (Employment Contract) တင်ပြရတယ်။ အဲဒါရှိမှ OWICထုတ်ပေးတာ။ အဲဒီအဆင့်တွေကို ကျော်ဖြတ်ပြီး အစားထိုး အမြန် OWIC ကတ်ထုတ်တာက အခု သိန်း ၂၀ ကျော်တယ်။ OWIC ကတ်က အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးတာ။ အဆင့်ဆင့် လုပ်စားကြတာ။” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
OWIC ကတ်ရရှိသည်နှင့် လေယာဉ်လက်မှတ် အမြန်စီစဉ်ကာ ပြည်ပထွက်ခွာနေကြပြီး အထူးသဖြင့် စစ်မှုထမ်းရန် အကျုံးဝင်နေသည့် အသက် အရွယ်ပိုင်းမှ အမျိုးသားလူငယ်များလည်း ဖြစ်နိုင်သည့်၊ ရသည့် လမ်းကြောင်းများမှ ငွေကြေး လာဘ်ထိုး၍ ထွက်ခွာနေရကြောင်း သိရှိရသည်။
“ငွေတတ်နိုင်သူအားလုံးက စစ်မှုထမ်းရှောင်ဖို့ အမြန်လုပ်ကြတာပဲ။ ရတဲ့နိုင်ငံကို ရတဲ့ လမ်းကြောင်းကနေ PJ နဲ့ အမြန်ဆုံး ထွက်ဖို့ လုပ်ကြတာ။ တရား ဝင် Demand Letter က အသက် ၂၃ ကနေ ၃၂ အတွင်း လက်မခံဖို့ အလုပ်သမားဝန်ကြီးဌာနဘက် ပြောထားတာရှိပေမယ့် ကျွမ်းကျင်လုပ်သားတွေက သွားလို့ရနေသေးတယ်။ လေဆိပ်မှာလည်း PJ တွေ အလွယ်တကူသွားလို့ရအောင် အချိတ်အဆက်တွေကို အေဂျင်စီတွေက လုပ်ထားရတယ်။ ဌာနပေါင်းစုံအတွက် ငွေတွင်းကြီးဖြစ်နေတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ပသို့ အလုပ်သမားစေလွှတ်မှုများကို ပြည်တွင်းလုပ်သားစွမ်းအားလျှော့နည်းလာ၍ ပြန်လည်သုံးသပ် အရေးယူဆောင်ရွက်ရန် ညွှန်ကြားထားရာ ယင်းအခြေအနေကြောင့် အမြန်ဆုံး PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာခွင့်ရရေး အမျိုးသမီး၊ အမျိုးသားများ အားလုံး ကြိုးစားနေရကြောင်း စုံစမ်းသိရှိရသည်။
“လာမယ့် နှစ်ထဲမှာ ကျွမ်းကျင်လုပ်သားကလွဲရင် အထွေထွေ လုပ်သားတွေကို ပြည်ပမလွှတ်တော့ဘူးလို့ သတင်းတွေ ထွက်နေပြီ။ အဲဒါကြောင့် အခုရက်ပိုင်းလပိုင်းမှာ PJ နဲ့ သွားခွင့်ရဖို့ အားလုံး ကြိုးစားနေကြတာ။ အထွေထွေလုပ်သားအဖြစ်နဲ့ ပြည်ပ အလုပ်အကိုင် ထွက်ခွာခွင့်ပိတ်ပင်မယ့် အခြေအနေတွေလည်းရှိနေတယ်။ MOU နဲ့ G to G မဟုတ်ရင် ထွက်ခွင့်မပေးတော့ဘူးလည်း သတင်းတွေထွက်နေတယ်” ဟု ဂျပန်နိုင်ငံသို့ မြန်မာအလုပ်သမားများ စေလွှတ်နေသော ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခု၏ မန်နေဂျာက ရှင်းပြသည်။
အလုပ်သမားဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ အလုပ်သမားစုစုပေါင်း ၁၈၁,၈၉၉ ဦးကို OWIC ကတ် ပြုလုပ်ပြီး ပြည်ပနိုင်ငံများသို့သွားရောက် အလုပ်လုပ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများအတွက် ရွှေ့ပြောင်းအလုပ်သမားဌာနစု (မြောက်ဒဂုံ) ပင်လုံခန်းမတွင် OWIC ထုတ်ယူနိုင်ပြီး မိမိအစီအစဉ်ဖြင့် သွားရောက်လုပ်ကိုင်မည့် ကျွမ်းကျင်အလုပ်သမားများ၊ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိရာမှ ခွင့်ပြန်လာသည့် အလုပ်သမား များနှင့် PJ Passport ကိုင်ဆောင်ထားပြီး အမြဲတမ်းနေထိုင်ခွင့် ပါမစ်ဖြင့် နေထိုင်လုပ်ကိုင်နေသူများအတွက် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ OWIC စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာထားသည်။