ရန်ကုန်၊ ဒီဇင်ဘာ ၁၈
ထိုင်းနိုင်ငံသို့ အောက်လမ်းမှတစ်ဆင့် သွားရောက်ပြီး စစ်မှုမထမ်းရရေး တိမ်းရှောင်မည့် လူငယ်တချို့ကို ဘားအံမြို့နယ်အတွင်းတွင် စစ်တပ်က စောင့်ဆိုင်း ဖမ်းဆီးမှုများရှိနေကြောင်း ဒေသသတင်းရင်းမြစ် Hpa-an Newsက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုဒီဇင်ဘာလအတွင်း စစ်တပ်က ဘားအံမြို့နယ်၊ သံလွင်တံတားတွင် အသက် ၁၈ နှစ် မှ အသက် ၃၅ နှစ်အတွင်း အမျိုးသား လူငယ်များကို အထူးတင်းကျပ်စွာ စစ်ဆေးနေကြောင်း၊ ဘားအံ-လှိုင်းဘွဲ့လမ်း၊ ထီလုံဒေသတွင်လည်း စစ်တပ်က ဂိတ်ချ၍ ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်မည့် လူငယ်များကို ဖမ်းဆီး၍ စစ်တပ်ထဲသို့ ပို့ဆောင်မှုများရှိနေကြာင်း သိရှိရသည်။
“ထိုင်းနဲ့ နယ်စပ်ဖက်သွားမယ့် သူတွေကို ပိတ်ဖမ်းပြီး သင်တန်းပို့လိုက်တာမျိုး စစ်တပ်က လုပ်နေတယ်။ အဓိက သူတို့ ပိတ်ဖမ်းတာကလေ သံလွင်တံတားနဲ့ ထီလုံဘက်အခြမ်း။ ဘားအံ- လှိုင်းဘွဲသွားတဲ့ဘက်အခြမ်း ထီလုံမရောက်ခင်အနားမှာ စစ်တပ် စစ်ဆေးရေးဂိတ်တွေရှိတယ်။ ဘားအံ- လှိုင်းဘွဲ -မဲသဝေါဘက်ကတော့ အဖမ်းအဆီး Safe ဖြစ်တယ်။ မဲသဝေါဘက်ကတော့ စစ်တပ်အာဏာမသက်ရောက်တော့ဘူး။ အဓိကက လှိုင်းဘွဲ့ လောက်အထိတော့ စစ်တပ်က ဖမ်းဆီးတာ ဘာညာလုပ်တယ်” ဟု ဒေသသတင်းရင်းမြစ် Hpa-an Newsက ရှင်းပြသည်။
ထို့ပြင် ဘားအံမြို့ပေါ်နှင့် မြို့နယ်အတွင်းမှ စစ်တပ်က ဖမ်းဆီးထားသူများနှင့် ဆင့်ခေါ်ထားသော လူငယ် ၁၀၀ခန့်ကို စစ်မှုထမ်း အပတ်စဉ် ၈ တက်ရောက်ရန် စစ်သင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း၊ စီမံချက်အရ တပ်သားသစ်ဦးရေ ၂၀၀ ရရန် လျာထားသော်လည်း လူဦးရေ ၁၀၀ ဝန်းကျင်သာရရှိကြောင်း ၊ ဖမ်းဆီးခံရသူများနှင့် ဆင့်ခေါ်ခံရသော တပ်သားသစ် လူငယ်အများစုမှာ မူလတန်း/အလယ်တန်းအဆင့်ကျောင်းနေဖူးသူများဖြစ်ကာ တချို့မှာမူ ငွေကြေးမတတ်နိုင်သောသူများဖြစ်ကြောင်း၊ လူငယ်တချို့ကို တစ်ဉီးလျှင် ငွေကျပ် ၁၀သိန်းမှ ၁၅သိန်းကြားပေး၍ ခေါ်ယူသွားကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။
လက်ရှိအချိန်အထိလည်း စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လူဦးရေ ပြည့်မီခြင်းမရှိသဖြင့် တပ်သားသစ် သင်တန်းသားအမြောက်အများလိုအပ်နေကာ လူငယ်များအနေဖြင့် အထူးသတိထားသင့်ကြောင်း ဒေသသတင်းရင်းမြစ်က သတိပေးသည်။
“စစ်မှုထမ်းခေါ်တာက နယ်ခြားစောင့် BGF ကလည်း ခေါ်တယ်။ စစ်ကောင်စီကလည်း ခေါ်တယ်။ နှစ်မျိုးလုံးနဲ့ ဂွကျနေတာပေါ့။ လူငယ်တွေမှာလည်း။ ဘားအံမြို့ပေါ်မှာလည်းရပ်ကွက်အလိုက် ခေါ်နေတာတော့ ပြီးခဲ့တဲ့လကတည်းက။ မလိုက်နိုင်ရင် ပိုက်ဆံထည့်ပေးရတယ်။ တစ်အိမ် ၃သောင်းပေးရတယ်။ မြို့ပေါ်မှာ။ ရွာတွေဘက်ဆို လူငယ်ရှိတဲ့နေအိမ်တွေဆိုရင် တစ်အိမ်ကို ၁၅သိန်း သိန်း၃၀အဲ့လိုမျိုး အတောင်းခံနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။
ဓာတ်ပုံ – သံလွင်တံတား(ဘားအံ) စစ်ဆေးရေးဂိတ်တွင် လူငယ်များကို မှတ်ပုံတင်များနှင့် ဖုန်းများ စစ်ဆေးနေစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar