ရန်ကုန်၊ ဒီဇင်ဘာ ၁၈
အာဆီယံအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်း၊ အပေးအယူလုပ်ခြင်း အပါအဝင် မြန်မာ့တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများအပေါ် ဖိအားပေးမှုများ အားလုံးရပ်တန့်၍ စစ်ကောင်စီကို လုံးလုံးလျားလျားဖယ်ထုတ်ထားသည့် ပြည်တွင်းနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကို ထောက်ခံအားပေးရန် အချက် အပါအဝင် အချက် ၆ ချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်းပေါင်း ၂၆၀ ခုက ၎င်းတို့၏ ရပ်တည်ချက်အဖြစ် အာဆီယံသို့ ပေးပို့ခဲ့ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အရပ်ဘက်အဖွဲ့အစည်း ၂၆၀ လက်မှတ်ထိုးထားသည့် အာဆီယံသို့ ပေးပို့သည့် ရပ်တည်ချက် စာတမ်းတွင် မြန်မာ့နိုင်ငံအကျပ်အတည်းအတွက် မြန်မာပြည်သူများ ဦးဆောင်သည့် ပြည်သူကို ဗဟိုပြုသည့် ဖြေရှင်းချက်ရရန် ဘုံသဘောတူညီချက် ၅ ရပ်ကို ကျော်လွန်၍ လုပ်ဆောင်ကာ မြန်မာပြည်သူများ၏ စုပေါင်းဆန္ဒကို ထောက်ခံ ပံ့ပိုးပေးသည့် စစ်မှန်သည့် နိုင်ငံရေးဆန္ဒဖြင့် ကျောထောက်နောက်ခံပြုရန်၊ အကြမ်းဖက်စစ်ကောင်စီနှင့် အဆက်အသွယ် အပေးအယူများ အားလုံးရပ်တန့်ကာ တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများကို ဖိအားပေးမှုများ ရပ်တန်ရန်နှင့် စစ်တပ်ကို လုံးလုံးလျားလျားဖယ်ထုတ်ထားသည့် နိုင်ငံရေးဆွေးနွေးမှုကို ထောက်ခံအားပေးရန် ၊ စစ်အုပ်စု၏ စီးပွားရေး စစ်ရေးအပါအဝင် ထိတွေ့ဆက်ဆံမှုအားလုံးကို အဆုံးသတ်ကာ မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်များနှင့် တရားဝင်ထိတွေ့ဆောင်ရွက်ရန် တောင်းဆိုသည်။
ထို့ပြင် တရားဝင်မှု ရှိသော သက်ဆိုင်သူများ ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ IDP များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှ တစ်ဆင့် ပေးရန်၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကျူးလွန်မှုများအတွက် နိုင်ငံတကာဥပဒေအောက်တွင် မြန်မာစစ်တပ်ကို တာဝန်ခံစေရန် နိုင်ငံတကာနှင့် မြန်မာပြည်သူများ၏ ကြိုးပမ်းမှုများတွင် ပူးပေါင်းပါဝင်ရန် တောင်းဆိုထားသည်။
ထို့အတူ အာဆီယံသို့ ပေးပို့သည့် ရပ်တည်ချက်စာတမ်းတွင် အာဆီယံအနေနှင့် အလုပ်မဖြစ်သည့် ဘုံသဘောတူညီချက် ၅ ရပ်ကို ကျော်လွန်၍ လုပ်ဆောင်ရန်လည်း ဖော်ပြထားပြီး အကြမးဖက်စစ်တပ်သည် ဘုံသဘောတူညီချက် ၅ ရပ် စပေါ်ချိန်ကတည်းကပင် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်ကာ ဘုံသဘောတူညီချက် ၅ ရပ်ကို လုံးဝလျစ်လျူရှိခဲ့ကြောင်း၊ ထို့ကြောင့် အာဆီယံသည် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရန်နှင့် အသက်ကယ်ရန် ပျက်ကွယ်မှုများကြောင့် မြန်မာပြည်သူများက အာဆီယံအပေါ် မယုံကြည်တော့ကြောင်း၊ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို မည်သည့်အခါမှာမှ အပြည့်အစုံအကောင်အထည်ဖော်နိုင်မည် မဟုတ်၍ အာဆီယံ၏ ဆုံးဖြတ်ချက်မှာ အဓိပ္ပာယ်မဲ့နေခြင်း ဖြစ်ကြောင်း ထောက်ပြထားသည်။
ထို့ကြောင့် အာဆီယံက စစ်တပ်ကို လုံးလုံးလျားလျားဖျက်သကိမ်းပြီး အားလုံးပါဝင်မှုရှိသည့် ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရန် မြန်မာပြည်သူများ၏ ရည်မှန်းချက်ကို ပြတ်ပြတ်သားသားထောက်ခံရမည်ဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ၅ ရပ်ပေါ်လာသည့် အချိန်မှစ၍ အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်မှုများကို ရပ်တန့်ရန်၊ ပြည်သူများ၏ အသက်များကို ကယ်တင်ရန် လုံးလုံးလျားလျားပျက်ကွက်ရုံသာမက စစ်အုပ်စု၏ ပြည်သူများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင်ပါ ကြံရာပါ ဖြစ်လာခဲ့ကြောင်း အရပ်ဘက်လူထုအဖွဲ့များက ဝေဖန်ထားသည်။
မြန်မာပြည်သူများကို ကူညီရန်ဟူ၍ အာဆီယံက ပြောဆိုလေ့ရှိသော်လည်း အာဆီယံ၏ ဆုံးဖြတ်ချက်တွင် အကြမ်းဖက်စစ်အုပ်စုနှင့် ဖြတ်တောက်ရန် တောင်းဆိုထားသည့် မြန်မာပြည်သူများ၏ တောင်းဆိုချက်များကို ပျက်ကွက်ခဲ့ကြောင်း၊ အာဆီယံအနေဖြင့် မြန်မာပြည်သူများကို ကူညီရန်အတွက် မြန်မာပိုင် မြန်မာဦးဆောင် ဖြေရှင်းချက် တစ်ခုကို အမှန်တကယ် ဖော်ဆောင်လိုပါက ၎င်းတို့၏ စင်မြင့်အားလုံးတွင် အကြမးဖက်စစ်အုပ်စုကို မြန်မာ နိုင်ငံကိုယ်စားပြုတက်ရောက်ခင်းကို တားမြစ်ပိတ်ပင်ရန် လိုအပ်ကြောင်း တောင်းဆိုထားသည်။
အကြမ်းဖက်စစ်ကောင်စီက စီစဉ်ထားသည့် အတုအယောင် ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချပြီး ထောက်ခံမှုများ သို့မဟုတ် ထောက်ခံမည့် အစီအစဉ်အားလုံးကို ရပ်တန်ရန် အရပ်ဘက်အဖွဲ့များက တောင်းဆိုထားသည့်အပြင် အကြမ်းဖက် စစ်တပ်၏ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှုများအတွက် နိုင်ငံတကာဥပဒေအောက်တွင် တာဝန်ယူ တာဝန်ခံစေရန် ကြိုးပမ်းမှုများတွင် အာဆီယံအနေနှင့် ပူးပေါင်းပါဝင်ရန် တောင်းဆိုထားသည်။
ဓာတ်ပုံ – အာဆီယံထိပ်သီးအစည်းအဝေးတွင် လစ်လပ်နေသော မြန်မာနိုင်ငံ၏ ခုံနေရာ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar