ရန်ကုန်၊ ဒီဇင်ဘာ ၁၉
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ခန့်တွင် မြကံသာကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်ခဲ့ရာ သံဃာတော် ၁ ပါး လက်နက်ကြီး ကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အဦးနှင့် ကား ၁ စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ နံနက် ၉ နာရီခန့်တွင် ထန်းပင်ကုန်းကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှု အခြေအနေနှင့် ရွာထဲ ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ပုသိမ်ကြီးမြို့နယ် မြကံသာကျေးရွာကို ဒီနေ့ ၇ နာရီလောက်က စစ်ခွေးနဲ့ လက်နက်ကြီး ၄ လုံးနဲ့ ရမ်းသမ်း ပစ်ခတ်လို့ သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရတယ်။ နောက်ပြီး နံနက် ၉ နာရီလောက်မှာလည်း ထန်းပင်ကုန်းကျေးရွာကို စစ်ခွေးတွေ ဂျက်ဖိုက်တာနဲ့ ဗုံးကျဲသွားတယ်။ ပြည်သူတွေ ထိခိုက်မှု အခြေနေတော့ အတည်မပြုနိုင်သေးဘူး” ဟု Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar