28 C
Yangon

စစ်ရှုံးနေသော်လည်း ပွဲကြိုက်သည့် မင်းအောင်လှိုင် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ၇၇ ကြိမ်မြောက် ရေတပ် နှစ်ပတ်လည် အခမ်းအနားပွဲ တက်ရောက်မည်ဖြစ်ပြီး လုံခြုံရေး တင်းကျပ်ထား

Must read

စစ်ရှုံးနေသော်လည်း ပွဲကြိုက်သည့် မင်းအောင်လှိုင် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ၇၇ ကြိမ်မြောက် ရေတပ် နှစ်ပတ်လည် အခမ်းအနားပွဲ တက်ရောက်မည်ဖြစ်ပြီး လုံခြုံရေး တင်းကျပ်ထား

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်း၊ ဗိုလ်တထောင် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ရေနှစ်ပတ်လည် အခမ်းအနားပွဲသို့ အကြမ်းဖက် စစ်ရှုံး မင်းအောင်လှိုင်က တက်ရောက်မည်ဖြစ်ပြီး ရေတပ်နှစ်ပတ်လည်ပွဲနှင့်အတူ ပျော်ပွဲရွှင်ပွဲများကိုပါ မဖြစ်မနေ ထည့်သွင်းကျင်းပခိုင်းထားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ ဗိုလ်တထောင် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ရေတပ် နှစ်ပတ်လည်ပွဲ အခမ်းအနားနှင့်အတူ ရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်း၌ ဈေးရောင်းပွဲနှင့် ပျော်ပွဲရွှင်ပွဲများကိုပါ ကျင်းပမည်ဖြစ်ကာ လုံခြု့ရေးအတွက် အထူးတင်းကျပ် ပြင်ဆင်ထားကြောင်း သိရှိရသည်။

လတ်တလော အချိန်အထိ အဆိုပါ အခမ်းအနား သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်မည်ဟု စီစဉ်ထားပြီး ဧရာဝတီ ရေတပ်စခန်းဌာနချုပ် အဝင်လမ်းများကို ပြုပြင် ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း၊ ကမ်းနားလမ်းမှ တပ်ထဲအထိ ဝင်သည့် လမ်းများကိုလည်း ဆေးသုတ်နေကြောင်း၊ ထို့ပြင် လမ်း၌ ရပ်နားထားသော ကွန်တိန်နာကားများကိုလည်း ရှင်းခိုင်း ထားကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ ပြုလုပ်မည့် အခမ်းအနားတွင် စစ်သင်္ဘော ၂ စီး ရေချ၍ တပ်တော်ဝင်မည်ဖြစ်ကြောင်း၊ စစ်သင်္ဘော ၂ စီး တပ်ဝင်တော်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တက်ရောက်ဖွင့်လှစ် ရေချပေးမည်ဖြစ်ကြောင်း သိရှီရသည်။

“ရေတပ် ဘောလုံးကွင်းထဲမှာ ရေတပ် နှစ်ပတ်လည် အခမ်းအနားနဲ့ ပျော်ပွဲရွှင်ပွဲတွေအတွက် ပြန်ဆောက်နေကြပြီ။ စတိတ်စင်တွေလည်း ဆောက်ထားတာတွေ့တယ်။ ဧရာ၀တီရေတပ်ဌာနချုပ် ထဲဝင်တဲ့ အဝင်လမ်းတွေကို ပြုပြင် ရှင်းလင်းထားတယ်။ ကမ်းနားလမ်းကိုလည်း တပ်ထဲ အဝင်ထိ အလယ် လမ်းတွေ ဆေးသုတ်ပြီး လမ်းမှာ ရပ်၊ အိပ် လုပ်တဲ့ ကွန်တိန်နာကားတွေကိုလည်း ရှင်းခိုင်းထားတယ်။ လုံခြုံရေးကိုလည်း အရင်နဲ့မတူဘူး။ ပိုတင်းကျပ်ထားတယ်။ ပွဲကိုတော့ ဒီဇင်ဘာလ ၂၄ ရက် တစ်ရက်ပဲ လုပ်မယ်။ သန်လျင် ဆိပ်ကမ်းမှာ သင်္ဘော၂စီး ရေချပြီး တပ်တော်ဝင်မယ်။ တပ်ချုပ်တက်ပြီး ဖွင့်လှစ်ပေးမယ်။ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းလုပ်မယ်။ လုံခြုံရေးကြောင့် တပ်ချုပ် တက်၊ မတက်နဲ့ အချိန်အပြောင်းအလဲ ရှိနိုင်တယ်။” ဟု တပ် သတင်းရင်းမြစ်ကပြောဆိုသည်။

သန်လျင်မြို့နယ်မှ ပြည်သူများကလည်း ယခုရက်ပိုင်းအတွင်း သန်လျင်မြို့နယ်တွင် စစ်တပ်က ၂၄ နာရီ လုံခြုံရေး ပြင်ဆင်နေကြောင်း၊ နံနက်ပိုင်းမှ ညတစ်ညလုံး စစ်ကားများ၊ ဆိုင်ကယ်များဖြင့် စစ်တပ်၊ ရဲနှင့် ပျူစောထီးများက ကင်းလှည့်နေသည့်အပြင် စစ်ဆေးရေးများကိုလည်း ပိုမို လုပ်ဆောင်လာကြောင်း ပြောဆိုကြသည်။

” မအလ သန်လျင်လာမယ်လို့ ကြားတယ်။ စခ၊ ရခနဲ့ ပျူတွေက ကားတွေဆိုင်ကယ်တွေနဲ့ နေ့ရော ညပါ လုံခြုံရေးကင်းတွေလှည့်နေပါတယ်” ဟု သန်လျင်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရခိုင်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆုံးရှုံးပြီး ဗိုလ်မှူးချုပ် အဆင့်စစ်ခေါင်းဆောင်များ ဖမ်းဆီးခံနေရခြင်း၊ ချင်းပြည် နယ်၊ ကရင်ပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင် နယ်မြေများ ဆုံးရှုံးနေခြင်းများ ကြုံတွေ့နေရချိန်ဖြစ်သော်လည်း စစ်ခေါင်း ဆောင်မင်းအောင်လှိုင်မှာ အမျိုးသားအားကစားပွဲတော် တက်နေခြင်း အပါအဝင် ပွဲများ ကျင်းပ တက်ရောက် နေမှုဖြင့်သာ အချိန်ကုန်နေ၍ ပွဲကြိုက်ခင် စစ်ဗိုလ်ချုပ်အဖြစ် တပ်တွင်း ဝေဖန်နေကြကာ စစ်တပ် ၏သမိုင်းတစ်လျှောက်လုံးတွင် အညံ့ဖျင်းဆုံးသော ခေါင်းဆောင်အဖြစ် ပြစ်တင်ရှုတ်ချနေကြသည်။

စစ်တပ်ထောက်ခံသော အမျိုးသားရေး အစွန်းရောက် ပေါက်ကိုယ်တော်က လက်ရှိ အခြေအနေများအရ နိုင်ငံတော်မှာ လှိုင်မှာသာ အေးချမ်းနေသည်ဟုဆိုနိုင်သော အခြေအနေဖြစ် သည်ဟု မင်းအောင်လှိုင်ကို သရော်၍ ပြောဆိုသွားသည်။

“တချို့စစ်သားတွေပြောနေကြတဲ့ စကားကို ကော်ပီယူလိုက်မယ်။ လှိုင်ပဲ အေး ချမ်း တယ်။ ကျန်တဲ့နေရာတွေကတော့ အပူတွေနဲ့ ဆိုသလိုပါပဲဗျ” ဟု အမျိုးသားရေး အစွန်းရောက် ပေါက်ကိုယ်တော်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article