20 C
Yangon

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်တွင် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်နှင့်အဖွဲ့က လူငယ် ၆၀ ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးပြီး စစ်တပ် လက်ထဲအပ်၊ မင်္ဂလာတောင်ညွန့်၊ သပြေကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးက မိသားစု ၁၀၀ ထံမှ တစ်အိမ်လျှင် ငွေကျပ် ၆ သောင်းကောက်ခံ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင် ဦးဆောင်သော လူမိုက်များနှင့် အကြမ်းဖက် စစ်တပ်က လူငယ် ၆၀ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင် ဦးဆောင်သော လူမိုက်အဖွဲ့နှင့် အကြမ်းဖက် စစ်တပ်က ယုဇနဥယျာဉ်မြို့တော်ရှိ A/B 9 လမ်း မှ 17 လမ်းထိ ဝင်ရောက် ဝင်ရောက် စီးနင်းပြီး လူငယ် ၆၀ ဦးထက်မနည်းကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်က နေအိမ်တွင်ရှိသော လူငယ်များ ထွက်ပြေးပါက မိသားစုဝင်များကို ထောင်ဒဏ် ၅ နှစ်ချမည်ဖြစ်ပြီး လူငယ်များကို ရွေးထုတ်လိုပါက သိန်း ၅၀ ပေးရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

“၃၁ ရက်နေ့ ညပိုင်းမှာ ဒဂုံဆိပ်ကမ်း ၉၄ ရပ်ကွက် ခင်မောင်ဇင် ဦးဆောင်သော လူမိုက်ပျူစောထီးတွေ နဲ့ စစ်ခွေးတွေ A/B-9 လမ်းကနေ 17 လမ်းထိ လူငယ်တွေကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ ဖောင်ဖြည့်ခိုင်းတာတွေလည်း လုပ်တယ်။ A-9 လမ်းကနေ အသက် ၁၇ နဲ့ ၁၈ အရွယ်လူငယ် ၂ ဦး အပါအဝင် လူငယ် ၆၀ ကို ပထမ အသုတ် အနေနဲ့ ဝင်ရောက် ဖမ်းဆီးသွားတာလို့ သိရတယ်။ ကျန်လူငယ်များကိုလည်း ချိန်းခြောက်သွားတယ်။ ခင်မောင်ဇင်က အမည်တွေကို ခေါ်ပြီးတော့ကို ဝင်ဖမ်းတာ ကလေးတွေ ထွက်ပြေးရင်လည်း မိဘတွေကို ဖမ်းဆီး ထောင်ချမယ်လို့ ခြိမ်းခြောက်သွားတယ်။ မိဘက ထောင် ၅ နှစ် ကျမယ်။ ဖမ်းဆီးခံရသော လူငယ်တစ်ယောက်ကို ပြန်ရွေးရင် ငွေကျပ် သိန်း ၅၀ ပေးမှရမယ်လို့လည်း ပြောသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်နှင့် လူမိုက်အဖွဲ့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ယုဇနဥယျာဉ်မြို့တော် အင်ကြင်းလမ်းဘီတွင် နေထိုင်သော အသက် ၂၈ နှစ်အရွယ် စောကိုကိုထက် ကို ဝိုင်ဝန်း ရိုက်နှက်ပြီး ငှက်ကြီးတောင်ဓားဖြင့် ထိုးသတ်ခဲ့သော်လည်း အရေးယူခြင်းမခံရသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုလည်း ရန်ကုန် မြို့ပြပြောက်ကျား ရဲဘော်များက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အုပ်ချုပ်ရေးမှူး ခင်မောင်ဇင် လွတ်မြောက်သွားကာ ရာအိမ်မှူး ထွန်းထွန်းဝင်းနှင့် ရာအိမ်မှူး ဝင်းမြင့်တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ခိုက်ခြင်း ခံထားရသော်လည်း အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်သည် လက်ရှိချိန်တွင် လူငယ်များကို ပစ်မှတ်ထား၍ ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်မှုများ ထပ်မံ လုပ်ဆောင်လာပြီး အကြမ်းဖက် စစ်တပ် အလိုကျ လိုက်ပါလုပ်ပေးနေသည့် ဒေါက်တိုင် အကြီးစားဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြိုနယ် သပြေကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး သိန်းမြင့်က စစ်မှုထမ်းကြေးအဖြစ် တစ်လလျှင် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၆၀၀၀၀ ပေးရန် တရားဝင် အသိပေးလာကြောင်း၊ စစ်မှုထမ်းကြေး ပေးဆောင် ရမည့် မိသားစု အရေအတွက် အမှတ် ၁၀၀ ကျော်အထိရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“စစ်မှုထမ်းကြေးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာသွားပေးရတာ၊ လဆန်း ၁ ရက်နေ့အမှီပေးရမှာ၊မပေးရသေးတဲ့သူတွေကို

ဖုန်းဆက်ပြီး ရုံးကို လာပေးခိုင်းတယ်၊ အိမ်ထောင်စု တစ်စုကို လစဉ်ကြေး ၆၀၀၀၀ ပေးရပါတယ်။ ငွေကောက်သူက သပြေကုန်း အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်ပါ။ တစ်ရပ်ကွက်လုံးနီးပါးကိုကောက်တာပါ။ စုစုပေါင်း ငွေကောက်ခံရသူ အမှတ်စဉ် ၁၀၀ကျော်ရှိပါတယ်” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ – ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်တွင် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင် ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်တွင် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင် ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article