28 C
Yangon

ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် ရွှေဘို တို့တွင် စစ်တပ်က စစ်မှုထမ်းအပတ်စဉ် ၉ အတွက် လူငယ် ၂၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက် ညအချိန် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က လူငယ်များကို အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးပြီး စစ်သားစုဆောင်းရေးတပ်ဖြစ်သော လှိုင်မြို့နယ်၊ ဘုရင့်နောင် ဧည့်ရိပ်သာနှင့်စစ်ကြောရေးတပ်ထံသို့ ပို့ဆောင်နေကြောင်း ရပ်ကွက်နေပြည်သူများက ပြောဆိုသည်။

ယခု ဇန်နဝါရီလဆန်းပိုင်း ညသန်းခေါင်ယံအချိန်များတွင် ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ၊ ဌ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်မြင့်ကျော်၊ ရာအိမ်မှူး မျိုးညွန့်၊ ဟိန်းလတ်မိုး၊ တင်ကိုဦး၊ အာလူး၊သန်းဦး၊ ဆယ်အိမ်မှူး ပိုင်ပိုင်၊တောသားကြီး၊အားနိုးကြီး၊အားနိုးလေး၊ကိုထွဋ်၊ကိုမျိုးတို့က စစ်မှုထမ်းအပတ်စဉ် ၉ အတွက် တပ်သားလိုအပ်သည်ဟု မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က အမိန့်ပေးသဖြင့် လူငယ်များကို ပေါ်တာဆွဲ ဝင်ရောက် ဖမ်းဆီးနေကြောင်း၊ ဖမ်းဆီးခံရသော လူငယ်များကို ဘုရင့်နောင် စစ်ကြောရေးတပ်ထံသို့ ညတွင်းချင်း ပို့ဆောင်ကြောင်း သိရှိရသည်။

သို့ရာတွင် မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ငွေကြေးပေးနိုင်ပြီး ချက်ချင်း ပြန်လည် ရွေးထုတ်နိုင်သော လူငယ်များကို ငွေကျပ် သိန်းပေါင်းများစွာရယူ၍ စစ်တပ်ထံသို့ ပို့ဆောင်ခြင်းမပြုတော့ဘဲ ညတွင်းချင်း ပြန်လည် လွှတ်ပေးကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း ပုသိမ်းကြီးမြို့နယ်၊ ပဲခူးတိုင်း မိုးညိုမြို့နယ်နှင့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၂၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး အမျိုးသမီး တချို့ကိုလည်း ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်မှုများရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ ည ၁၀ နာရီခန့်တွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် သုခမင်္ဂလာ ၂ ရပ်ကွက်မှ တစ်အိမ်ထဲတွင် နေထိုင်သည့် ညီအကို ၂ ဦးနှင့် လူငယ် ၅ ဦးကို နေရပ်လိပ်စာ အတိအကျဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာပြီး နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များ၏ သတင်းကို လက်ရှိချိန်ထိ မကြားသိရသေးဘဲ မည်သည့်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ပုသိမ်ကြီးမြို့နယ် သုခမင်္ဂလာ ၂ ရပ်ကွက်မှာ ၈ ရက်နေ့ ည ၁၀ နာရီလောက်က စစ်ခွေးတွေ ရောက်လာတယ်။ နေရပ်လိပ်စာ အတိအကျနဲ့ကို ရောက်လာပြီး ပေါ်တာဆွဲ ဖမ်းဆီးသွားတာ တစ်အိမ်ထဲမှာနေတဲ့ ညီအကို ၂ ဦးနဲ့ ရပ်ကွက်ထဲက လူငယ် ၅ ဦးကို ဖမ်းခေါ်သွားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်းမိုးညိုမြို့နယ်၊ ကရက်ချောင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ညွှန့်သိန်း၏ ညွှန်ကြားချက်ဖြင့် ကရင်ချောင်းကုန်းရွာမှ ရာအိမ်မှူး အေးလွန်း၊ ဒေါ်စန်းနှင့် မြင့်မြင့်စန်းတို့က ကျေးရွာအတွင်းရှိ လူငယ် ၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကရင်ချောင်းကျေးရွာတွင် အကြမ်းဖက် စစ်တပ်ခန့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ညွှန့်သိန်းက စစ်မှုထမ်း လစဉ်ကြေး မပေးနိုင်သည့် ကိုဖိုးကုလား၊ ကိုဝင်းကိုဦး၊ ကိုကျော်ဇင် နှင့် အမည်မသိ လူငယ် ၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးရန် ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ညွှန့်သိန်းသည် အသက်မပြည့်သည့် လူငယ်များကိုပါ ပေါ်တာဆွဲ ဖမ်းဆီးပြီး မိသားစုဝင်များထံမှ ငွေကျပ် ၃၅ သိန်း တောင်းခံမှုများလည်း လုပ်ဆောင်ကြောင်း၊ အုပ်ချုပ်ရေးမှူး၏ စစ်မှုကြေး ကောက်ခံမှုကို ပေးဆောင်နိုင်ခြင်းမရှိသည့် လှေချောင်းရွာ၊ ကရင်ချောင်းကုန်းရွာ၊ ကရင်ချောင်ရွာ၊ ကြို့ကြုံပင်ရွာ၊ တလုပ်စာကုန်းရွာ၊ ရွာသစ်စုရွာနှင့် သက်ရင်းကုန်းရွာတို့မှ လူငယ်များလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ကရက်ချောင်းရွာအုပ်စုထဲက ရွာတွေမှာ နေထိုင်တဲ့ ပြည်သူတွေ အငတ်ဘေးနဲ့ ရင်ဆိုင်နေရပြီး အပြင်အလုပ်ထွက်လုပ်ရင်လည်း စစ်ခွေးတွေက ပေါ်တာဆွဲ ရွာထဲမှာနေတော့ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေး မပေးလို့ဆိုပြီး ပေါ်တာဆွဲနဲ့ ဘာမှကို လုပ်ကိုင်စားသောက်လို့မရတော့တဲ့ အခြေအနေဖြစ်နေပြီ အုပ်ချုပ်ရေးမှူးကလည်း စစ်မှုထမ်း လစဉ်ကြေးမပေးတာနဲ့ ရွာထဲကို စစ်ခွေးခေါ်ပြီး ဖမ်းခိုင်းနေတော့ လူငယ်တွေ အကုန်နီးပါး ပြေးနေရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က မြို့ပေါ်နေ လူငယ်များနှင့် ကျေးရွာများမှ မြို့ပေါ်လာရောက် အလုပ်လုပ်ကိုင်သည့် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့တွင် ရွှေဘိုမြို့နယ် ဥယျာဥ်တော်ရွာမှ မြို့ပေါ် လာရောက် အလုပ်လုပ်ကိုင်သည့် ကိုဝေယံ၊ ကိုပြည့်မောင်၊ ရွှေဘိုမြို့ အောင်ဇေယျရပ်ကွက် မှ ကိုနိုင်ထွန်း၊ အမှတ် ၁၀ သရက်ခြံရပ်ကွက်မှ အမည်မသိ လူငယ် ၂ ဦးနှင့် နွားလေးကုန်း မှ အမည်မသိ လူငယ် ၂ ဦး တို့သည့် နေ့စာ အလုပ်သွားရောက် လုပ်ကိုင်စဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီးပြီးနောက် အမှတ် ၈ လေ့ကျင့်ရေးတပ်ကို ပို့ဆောင်လိုက်ကြောင်း သိရသည်။

ယင်းနေ့ ညနေ ၄ နာရီခန့်တွင် ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာမှ အမျိုးသမီး ၃ ဦးနှင့် တက်တူရွာမှ သားအမိ ၂ ဦးကိုလည်း အကြမ်းဖက် စစ်တပ်၏ လှည့်ကင်းက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး မိသားစုဝင်များကို ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း သိရှိရသည်။

“စျေးဝယ်လာတဲ့ ဆိပ်ခွန်ကျေးရွာ စာသောက်ဆိုင်က ညီအမ ၂ ဦးနဲ့ တခြား အမျိုးသမီး ၁ ဦး၊ တက်တူကျေးရွာက သား အမိ၂ ဦးကို စစ်ခွေး လှည့်ကင်းက ဖမ်းဆီးတာ ဖမ်းပြီးတော့ အမျိုးသမီးတွေကို လမ်းမှာ PDF တွေတွေ့ခဲ့လား။ ခင်ဗျာတို့ ဆိုင်ကို PDF တွေလာသလား။ ခင်ဗျာတို့က PDF ကိုချက်ကျွေးဖို့ စျေးဝယ်လာတာလားလို့ မေးတယ်။ ပြီးတော့ သူတို့က မသိဘူး။ ဆိုင်လဲမလာဘူးလို့ပြောလို့ အဲ့လိုဆိုရင် တစ်ယောက်ကို သိန်း ၁၀၀ နဲ့လာရွေး လှည့်ကင်းသိမ်းလို့မှ လေ့ကျင့်ရေး ၈ ထဲရောက်သွားရင် ငွေပေးလည်း မရတော့ဘူးဆိုပြီး အဖမ်းခံရတဲ့ အမျိုးသမီး ၅ ဦးထဲက တစ်ဦးကို ငွေပြန်ယူခိုင်းပြီး တစ်ယောက်ကို ငွေသိန်း ၁၀၀ နဲ့ ရွေးခဲ့ရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်မှုထမ်းအပတ်စဉ် ၈ အတွက် အဓမ္မစုဆောင်းခံရသော လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းအပတ်စဉ် ၈ အတွက် အဓမ္မစုဆောင်းခံရသော လူငယ်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article