ရန်ကုန်၊ ဇန်နဝါရီ ၁၀
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ် တို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များ ထိခိုက်သေဆုံးမှုရှိကြောင်း Thabeikkyin Revolution – TR မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၈ ရက်နေ့ ည ၁၁ နာရီခန့်မှ ၁၂ နာရီထိ သပိတ်ကျင်းမြို့နယ် အတွင်းရှိ ရွှေလုပ်ကွက်များနှင့် ဇန်နဝါရီလ ၉ ရက်နေ့တွင် စဉ့်ကူးမြို့နယ်အတွင်းရှိ ကံတောင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များ ထိခိုက်သေဆုံးမှု ရှိကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်ရေး လေယာဉ်များ ဆက်တိုက် ပျံဝဲနေကြောင်း သိရှိရသည်။
“၈ ရက်နေ့ ည ၁၁ နာရီ ကျော်နဲ့ ၁၂ နာရီကြားက သပိတ်ကျင်းမြို့နယ်အတွင်းက ရွှေလုပ်ကွက်ကို ကျဲသွားတာ ၉ ရက်နေ့ကျတော့ စဉ့်ကူး မြို့နယ်က ကံတောင်ရွာကို ကျဲတာ ကံတောင်ကို စစ်တပ်က ၂ ကြိမ်ကျဲတာလို့ သိရတယ်။ အထိအခိုက် အကျအဆုံးများတယ်လို့လည်း သိရတယ်။ ဘယ်နှဦး ထိခိုက်ကျဆုံးတယ်ဆိုတာတော့ မသိရသေးဘူး။ မနေ့ညကအထိ ဖိုက်တာတွေ အဆက်မပြတ် ပျံဝဲနေပါတယ်” ဟု Thabeikkyin Revolution – TR မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကိုလည်း အကြမ်းဖက် စစ်တပ်က ဇန်နဝါရီလ ၈ ရက်နေ့တွင် Y-12 လေယာဥ်ဖြင့် ဗုံးသီး အလုံး ၂၀ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း TNLA က ပြောဆိုသည်။
ဇန်နဝါရီလ ၈ ရက်နေ့ မွန်းလွဲပိုင်း ၁၂ နာရီ ၅၀ မိနစ်မှ ၁ နာရီ ၁၀ မိနစ်အထိ အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့ အတွင်းရှိ ဂေါက်ကွင်းကို ဗုံးသီး ၁၄ လုံးနှင့် မစိုးရိမ်ကျောင်းတိုက်ကို ဗုံးသီး ၅ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း နေအိမ် ၅ လုံး၊ ဘုန်းကြီးကျောင်းနှင့် မော်တော်ယာဥ် ၁ စီး ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ဒေသနေ ပြည်သူများ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar