26 C
Yangon

ဖယ်ခုံမြို့နယ်သို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၊ ကျောက်တော်မြို့ကိုလည်း စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု အနည်းဆုံး ပြည်သူ ၈ ဦးသေဆုံးဟုဆို

Must read

ဖယ်ခုံမြို့နယ်သို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၊ ကျောက်တော်မြို့ကိုလည်း စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု အနည်းဆုံး ပြည်သူ ၈ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ကရင်နီနှင့်ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး များ အပါအဝင် ဗုံးများ ၂ ကြိမ်ကျဲချခဲ့ကြောင်း၊ ဗုံးကျဲချသော နေရာမှာ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာအနီးဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“ကျဲတာကတော့ ပေါင် ၅၀၀ ဗုံးပါတယ်။ ကျင်းကြီးတွေ ဖြစ်နေတယ်။ ဗုံးကျတဲ့နေရာမှာ။ လူထိခိုက်မှုတော့မရှိဘူး။ နေ့ပိုင်းဆိုတော့ လေယာဉ်သံကြားတာနဲ့ ရှောင်နိုင်လိုက်တယ်။ ကျဲတဲ့နေရာကလည်း ရွာအပြင်ဘက်ကျတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်း ရခိုင်ပြည် ကျောက်တော်မြို့ လူနေရပ်ကွက်များနှင့် ဈေးကို စစ်ကောင်စီက ဗုံးကျဲချခဲ့ရာ အနည်းဆုံး ပြည်သူ ၈ ဦးသေဆုံးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဆေးရုံသွားရောက်ခဲ့သည့် ဒေသခံတစ်ဦးက “သေဆုံးသူ ၈ ဦးလောက်ရှိတယ်လို့ ပြောတယ်။ အတိအကျတော့ မသိရသေးဘူး။ အဲထက်လည်း ပိုကောင်းပိုနိုင်ပါတယ်။ ဒဏ်ရာရသူက ၂၀ လောက်တောင်ရှိတယ်လို့ ပြောတယ်။ တာဝန်ရှိသူတွေ ထုတ်ပြန်လာမယ်ထင်ပါတယ်” ဟု ပြောသည်။

ကျောက်တော်မြို့သည် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် မြို့နယ်ထဲက တစ်ခုဖြစ်သည်။

ကျောက်တော်မြို့သည် အာရက္ခတပ်တော် AA ထိန်းချုပ်သိမ်းပိုက်ထားသော မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ဟည်။

အာရက္ခတပ်တော် AA ကလည်း ကျောက်တော်ဗုံးကြဲခံရမှုကို ထုတ်ပြန်ထားပြီး စစ်ကောင်စီက ဗုံး ၁၅ ခန့် ကြဲချတိုက်ခဲ့ကြောင်းနှင့် ထိခိုက်သေဆုံးစာရင်းများကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း AA က ဆိုသည်။

ထို့အတူ ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီကျော်အချိန်ကလည်း ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄၁ ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် နေအိမ် ၃၉၈ လုံးမီးလောင်ကျွမ်း ပျက်စီးသွားကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ၏ ရခိုင်ပြည်အတွင်း လက်ရှိ ဗုံးကြဲတိုက်ခိုက်မှုများအားလုံးသည် သူရဲဘောကြောင်သော လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်း ဖြစ်ကြောင်း အာရက္ခတပ်တော် AA ၏ ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားသည်။

“ဘာတိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိတော့တဲ့နေရာမှာ အခုလို အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်တာဟာ အကြမ်းဖက်စစ်ကောင်စီအနေနှင့် အလွန်ယုတ်မာသူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုကို ပြောင် ပြောင်တင်း တင်းကျူးလွန်တာလဲဖြစ်ပါတယ်” ဟု ပြောသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article