မြောင်းမြနှင့် ဖျာပုံတို့တွင် တောင်သူများထံမှ ကိုဗစ်ချေးငွေနှင့် စိုက်ပျိုး ချေးငွေများ ပြန်ဆပ်ရန် စစ်တပ်က အတင်းအဓမ္မ တောင်းနေပြီး ချေးငွေမဆပ်နိုင်ပါက လယ်မြေများကို သိမ်းယူမည်ဟု ခြိမ်းခြောက်နေ
ရန်ကုန်၊ ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်း မြောင်းမြမြို့နယ်နှင့် ဖျာပုံမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က အုပ်ချုပ်ရေးမှူးများက တောင်သူများထံမှ ဘဏ်ချေးငွေများ အတင်းအဓမ္မ တောင်းခံနေပြီး ချေးငွေမဆပ်နိုင်ပါက လယ်မြေများကို သိမ်းယူမည်ဟု ခြိမ်ခြောက်နေကြောင်း ဒေသပြည်သူမျာနှင့် ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၆ ရက်နေ့တွင် မြောင်းမြမြို့နယ်၊ တပင်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကျော်နိုင်ဝင်းက တောင်သူများကို အစည်းအဝေး ခေါ်ယူ၍ ဘဏ်ချေးငွေများ အတင်းအဓမ္မ တောင်းခံပြီး ချေးငွေမဆပ်နိုင်ပါက လယ်မြေများကို သိမ်းယူမည်ဟု ခေါ်ယူ ခြိမ်ခြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
NLD အစိုးရ လက်ထက်က တောင်သူများကို မိုးစပါးဘဏ်ချေးငွေနှင့် COVID ကာလ ဘဏ်ချေးငွေများ ထုတ်ပေးထားခြင်းဖြစ်ပြီး အဆိုပါ ချေးငွေများကို အကြမ်းဖက် စစ်ကောင်စီက ပြန်ဆပ်ရန် တောင်းခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဖျာပုံမြို့နယ်၊ အမာမြို့တွင်လည်း အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဝင်းဌေးက တောင်သူများကို အစည်းအဝေးခေါ်ယူ၍ လယ်ယာချေးငွေနှင့် ကိုဗစ်ချေးငွေများ တောင်းခံကာ ချေးငွေမပေးသူများ၏ လယ်မြေမျာကို သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ခဲ့ကြောင် သိရသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဒေါငြိမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းဌေးက ကျေးရွာ မီးသတ်ရုံတွင် တောင်သူများကို အစည်းအဝေးခေါ်ယူ၍ ဘဏ်ချေးများ ခြိမ်းခြောက် တောင်းခံခဲ့ပြီး ၇ ရက်အတွင်း ချေးငွေ ပြန်မဆပ်သူများ၏ လယ်ယာမြေများကို သိမ်းဆည်းမည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။
လယ်ယာချေးငွေသည် ငွေကျပ် ၁၅ သိန်းဖြစ်ပြီး ကိုဗစ်ချေးငွေသည် ၁၀ သိန်းဖြစ်ကာ အတိုးပါပေးဆောင်ရမည်ဖြစ်သော ကြောင့် စုစုပေါင်းချေးငွေ သိန်း ၃၀ ပေးရမည်ဖြစ်ပြီး လက်ရှိချိန်တွင် တောင်သူများသည် စားဝတ်နေရေးပင် အဆင်မပြေသောကြောင့် ချေးငွေ ပေးနိုင်ရန် ခက်ခဲနေကြောင်း သိရသည်။
“ဒေါ်ငြိမ်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းဌေးက တောင်သူ လယ်သမားတွေကို အစည်းအဝေးခေါ်ပြီး လယ်ယာချေးငွေနဲ့ ကိုဗစ်ချေးငွေတွေ ၇ ရက်အတွင်း ပြန်ဆပ်ဖို့ ခြိမ်းခြောက်ပြောဆိုနေတယ်။ ပြန်မဆပ်ရင် လယ်မြေတွေ သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ဒေါငြိမ်းရွာ မီးသတ်ရုံမှာ အစည်းအဝေး ခေါ်ပြီး ပြောတာပါ။ လယ်ယာ ချေးငွေက ၁၅ သိန်း၊ ကိုဗစ်ချေးငွေက ၁၀ သိန်း အတိုးပါပါတယ်ဆိုတော့ စုစုပေါင်းသိန်း ၃၀ ပြန်တောင်းနေပါတယ်။ ၇ ရက်အတွင်း ပြန်မဆပ်ရင် မြေတွေကို သိမ်းယူမယ်လို့ ခြိမ်းခြောက်ပါတယ်။ လက်ရှိအချိန်မှာက စားဝတ်နေရေးတောင် အဆင်မပြေတော့ ပြန်ပေးဖို့ ခက်ခဲနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။