စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းတွင် စစ်တပ်က အသက် ၃၅ နှစ်အရွယ် ကိုဇင်ကိုထိုက်နှင့်၎င်းပိုင်ကားကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ်သိန်း ၃၆၀ ဖြင့် ပြန်ရွေးခိုင်း
စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်က အသက် ၃၅ နှစ်အရွယ် ကိုဇင်ကိုထိုက်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ကားကိုပါ သိမ်းဆည်း၍ ငွေကျပ်သိန်း ၃၆၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စစ်ကိုင်း-မင်းကွန်းလမ်းပိုင်း၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကိုင်းမြို့နယ် ဝါးချက်ရွာတွင် နေထိုင်သော အသက် ၃၅ နှစ်အရွယ် ကိုဇင်ထိုက်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ၎င်းစီးနင်းလာသော ကားကိုပါ သိမ်းဆည်း၍ မိသားစုဝင်များကို ငွေကျပ် သိန်း ၃၆၀ ဖြင့် ပြန်ရွေးခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းတွင် ဇန်နဝါရီလ ၇ ရက်နေ့က ပျူစောထီးခေါင်းဆောင် ရွှေကျား ဦးဆောင်သော ပျူစောထီးများ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လမ်းပိုင်းတစ်လျှောက်ကို ဖြတ်သန်းသွားသော လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်မှုများ ဆက်တိုက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းမှာ ဝါးချက်ရွာက အသက် ၃၅ နှစ်အရွယ် ကိုဇင်ကိုထိုက်ကို စစ်ခွေးတွေက လူရော ကားရော ဖမ်းဆီးပြီး သိန်း ၃၆၀ နဲ့လာရွေးခိုင်းနေတယ်။ အဲလမ်းပိုင်းမှာ လူငယ်တွေ ပေါ်တာဆွဲ ဖမ်းဆီးခံရတာ တောက်လျှောက်ပဲ လက်ပံမှာ ဖြစ်သွားတဲ့ ပျူစောထီး ခေါင်းဆောင် ရွှေကျား တိုက်ခိုက်ခံရပြီး မကျေနပ်လို့ စစ်ခွေးတွေက တောက်လျှောက် သောင်းကျန်းနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော အသက် ၃၅ နှစ်အရွယ် ကိုဇင်ကိုထိုက်။