ရန်ကုန်၊ ဇန်နဝါရီ ၁၆
ထိုင်း-မြန်မာနယ်စပ် တရုတ်မော်ဒယ် Y.Zheqi ပျောက်ဆုံးနေ၍ ဖခင်ဖြစ်သူက ထိုင်းရဲတပ်ဖွဲ့ကို အကူအညီတောင်းခံလိုက်ကြောင်း ထိုင်း Khaosod English က သတင်းဖော်ပြသည်။
ယမန်နှစ် ၊ ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံသို့ ရိုက်ကူးရေး လုပ်ရန် ခရီးသွားလာ ပြီးနောက် တရုတ်မော်ဒယ် Y.Zheqi ပျောက်ဆုံးသွားဖြစ်ကြောင်း၊ ပျောက်ဆုံးသွားသော သားဖြစ်သူကို ရှာဖွေတွေ့ရှိရန် ဖခင်ဖြစ်သူက ထိုင်းရဲများထံ အကူအညီတောင်းခံခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပျောက်ဆုံးနေသော တရုတ်မော်ဒယ် Y.Zheqi ၏ ဖခင် Mr. Y. Haitao က ထိုင်းရှေ့နေ Rachaphon Sirisakhon နှင့်အတူ ထိုင်းရဲချုပ် Kittirat Panpetch ထံသို့ အကူအညီတောင်းခံစာ တင်ပြလာကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တရုတ်မော်ဒယ် Y.Zheqi သည် တရုတ်နိုင်ငံ ဘေဂျင်းမှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ၎င်း၏မိခင်ထံသို့ WeChat မှတစ်ဆင့် ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်ခဲ့ကြောင်း၊ ဖုန်းခေါ်ဆိုမှုအတွင်း တရုတ်မော်ဒယ်မှာ မျက်လုံးတစ်ဝိုက်တွင် ပွန်းပဲ့နေသည့် ဒဏ်ရာများနှင့်အတူ
စိုးရိမ် ပူပန်သည့် အမူအရာ မြင်ရသဖြင့် ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရသည်ဟု ယူဆရကြောင်း ဖခင်ဖြစ်သူက ပြောဆိုသည်။
ဗီဒီယိုခေါ်ဆိုမှုအတွင်း သားဖြစ်သူ၏ ပုံမှန်မဟုတ်သောအပြုအမူကို သတိပြုမိခဲ့ကြောင်း၊ သားဖြစ်သူက မိခင်နှင့်ဖုန်းစကား ပြောဆိုနေစဉ် ဖုန်းကိုင်ထားရမည့်အစား စားပွဲပေါ်တင်ထားကြောင်း၊ အခြားတစ်ယောက်ယောက်က ဖုန်းကိုင်ထားနိုင်ဖွယ်ရှိကြောင်း၊ ဖုန်းခေါ်ဆိုစဉ်အတွင်း သားဖြစ်သူက အကူအညီတောင်းခြင်း ရှိ၊ မရှိ မေးမြန်းသောအခါ ပြတ်သားသော တောင်းဆိုမှု သို့မဟုတ် အကူအညီတောင်းခံမှု မရှိခဲ့ကြောင်း ဖခင်ဖြစ်သူက ပြောသည်။
ဇန်နဝါရီ ၁၀ ရက်နေ့တွင် ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနခွဲ (ATPD) ထံသို့ မိသားစုက တိုင်ကြားခဲ့ကြောင်း၊ အာဏာပိုင်များက သက်ဆိုင်ရာ အေဂျင်စီများနှင့် ညှိနှိုင်းဆောင်ရွက်နေသော်လည်း တရုတ်မော်ဒယ်ကို ရှာမတွေ့ဖြစ်နေကြောင်း၊ ၎င်း၏ နောက်ဆုံးတည်နေရာမှာ ထိုင်း-မြန်မာနယ်စပ်၊ တက်ခ်ရိုင်၊ မဲဆောက်အနီး ဖုတ်ဖရမြို့နယ်အတွင်းဖြစ်ကြောင်း၊ ပျောက်ဆုံးနေသော တရုတ်မော်ဒယ်သည် ဆိုရှယ်မီဒီယာမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပထဆုံး ရိုက်ကူးရေး လုပ်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖခင်ဖြစ်သူက မူလက ထိုင်းနိုင်ငံ၏ ဘေးကင်းမှုနှင့် ဧည့်ဝတ်ကျေပွန်မှုများက နာမည်ကောင်းရှိသောကြောင့် အစပိုင်းတွင် သူစိတ်မပူခဲ့သော်လည်း ယခုအခါ သားဖြစ်သူ ပျောက်ဆုံးမှုအတွက် အလွန်စိုးရိမ်ပူပန်နေကြောင်း ပြောဆိုသည်။
မကြာသေးမီကလည်း တရုတ်သရုပ်ဆောင်တစ်ဦး ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံ၊ မြ၀တီမြို့နယ်အတွင်းတွင် လူကုန်ကူးခံခဲ့ရပြီး ထိုင်းအာဏာပိုင်များ၏ ဆောင်ရွက်ပေးမှုကြောင့် BGF လက်ထဲမှတစ်ဆင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ- Khaosod English ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar