ရန်ကုန်၊ မေ ၂၀
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ရွှေပြည်ရဲစခန်းကို ယနေ့ မေလ ၂ဝ ရက်နေ့ နံနက် ၁ နာရီ ၃ဝ မိနစ်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်ခဲ့ပြီး စခန်းမှူး အပါအဝင် ရဲ ၅ ဦးသေဆုံးသွားကြောင်း ဥဒေါင်းမင်း -The KING Peacock တပ်ဖွဲ့မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုသုတက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အဆိုပါ ရဲစခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက် ပစ်ခတ်စဉ် စခန်းမှူး အပါအဝင် ရဲ ၃ ဦးသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဆေးရုံသို့ ရောက်ရှိစဉ်တွင် ရဲ ၂ ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
ယင်း ရဲစခန်း တိုက်ခိုက်ခံရသော ဖြစ်စဉ်ကြောင့် တပ်ကူလာသော အကြမ်းဖက် စစ်တပ်သည် ငွေတောင်ရွာနားတွင် မိုင်းထောင်ထားသည်ကို သိရှိသောကြောင့် မိုင်းရှင်းလင်းရေး သွားရောက်လုပ်ဆောင်စဉ် မိုင်းထကွဲကာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထိုမိုင်းများကို ထပ်မံ ရှင်းလင်းရန် အတွက် အကြမ်းဖက် စစ်တပ်သည် မွန်းလွဲ ၁၂ နာရီခန့်တွင် လက်ပံလှ ရဲစခန်းမှာ ဒုရဲအုပ် ၁ ဦး ဦးဆောင်ကာ မီးသတ် ၂ ဦးဖြင့် မိုင်းများအား ရေပိုက်ဖြင့် ထိုးစဉ် မိုင်းဆွဲခံရကာ ၎င်းတို့ ၃ ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော မီးသတ်နှင့် ရဲ အလောင်းများကို ကောက်ရန် အကြမ်းဖက် စစ်တပ် ထပ်မံ ရောက်ရှိလာစဉ် မိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁၂ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။
” ကျွန်တော်တို့ ရွှေပြည်ရဲစခန်းကို ဝင်ပစ်တာ နံနက်ခင်း ၁ နာရီ မိနစ် ၃ဝ လောက်ကနေ စပစ်တာ ၁ နာရီ ၅၅ မှာ ပြန်ဆုတ်ခွာတယ်။ ပစ်တဲ့ အချိန်မှာ စခန်းမှူး အပါအဝင် ၃ ယောက်ကတော့ နေရာမှာတင် ပွဲချင်းပြီး သေတယ်။ ၂ ယောက်ကတော့ ဆေးရုံရောက်မှ သေတယ်။ ၅ ယောက်ဗျ။ သေတဲ့ သူကတော့ ၅ ယောက် အတည်ပြုလို့ရတယ်။ နောက်ပြီး မန္တလေးကလာရင် ရွှေပြည်ရဲ့ မြောက်ဘက်ကျမှာပေါ့။ လက်ပံလှ ကန်တော်လေး တိုးဂိတ် အဲဒီ တိုးဂိတ်နားမရောက်ခင် ငွေတောင်ဆိုတာရှိတယ်။ ငွေတောင်နားက ကျွန်တော်တို့ မိုင်းပွိုင့်ကို သူတို့က သိသွားတယ်။ သိသွားတဲ့ အချိန်မှာ ကျွန်တော်တို့ မိုင်းကို ဖြတ်တဲ့ အချိန်မှာ မိုင်းက ထကွဲလိုက်တော့ ကျွန်တော်တို့ရဲ့ အဲ့နေရာမှာတင် စစ်ခွေး ၃ ကောက်ပွဲချင်းပြီး ၅ နာရီထိုးမှာ ၃ ယောက်ကျတယ်။ အဲတာပြီးတော့ ဒီကောင်တွေက တိုးဂိတ်ထဲကို ပြန်ဝင်သွားတယ်။ အဲတာပြီးတော့ မွန်းလွဲ ၁၂ နာရီကျတော့ အဲလမ်းပိုင်းမှာ အကုန်လိုက်စစ်ပြီးတော့ သေနတ်တွေနဲ့ ရမ်းပစ်တယ်။ အဲမှာ ကျွန်တော်တို့ ထောင်ထားတဲ့ မိုင်းတွေကို သူအကုန်တွေ့သွားတယ်။ တွေ့သွားတော့ အဲမိုင်းတွေကို သူတို့ရှင်းဖို့လုပ်တယ်။ ရှင်းဖို့လုပ်တော့ လက်ပံလှ မီးသတ် ၂ ယောက်ပါတယ်။ မီးသတ် ၂ ယောက်က ရေပိုက်နဲ့ ထိုးဖြတ်တယ်။ တစ်ယောက်ကတော့ မီးသတ် တပ်သားပေါ့။ တစ်ယောက်ကတော့ မီးသတ်မှူး သူတို့ ၂ ယောက်လုံးလည်း သေသွားတယ်။ အဲအချိန်မှာ လက်ပံလှ ရဲစခန်းကို တစ်ပွင့်ဗိုလ်လည်း သေတဲ့ အထဲ ပါသွားတယ်။ အဲနေရာမှာ ၃ ယောက်ပေါ့။ မွန်းလွဲပိုင်းကျတော့ သူတို့သေသွားတဲ့ သူတွေကို လာကောက်ဖို့ ဝိုင်းတဲ့ အချိန်ကို ကျွန်တော်တို့က မိုင်း ၅ လုံးထောင်ထားတာကို ထပ်ကျွေးလိုက်တဲ့ အချိန်မှာ ၁၂ ယောက်လောက် လဲကျသွားတယ်ပွဲချင်းပြီးသွားတယ်” ဟု ဥဒေါင်းမင်း -The KING Peacock တပ်ဖွဲ့မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုသုတက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မဟာမိတ် ညီနောင်များဖြစ်သော မတ္တရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ဗိုလ်လင်းယုန်နှင့် စဉ့်ကူး မဟာမိတ် တပ်ပေါင်းစုများက ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။