ရန်ကုန်၊ ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်း ၊လှိုင်မြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်နှင့် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တို့တွင် လူငယ်များ ဆက်တိုက်ပျောက် ဆုံးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်အချိန် မြောက်ဥက္ကလာမြို့နယ်၊ ဝေဘာဂီရပ်ကွက်တွင် နေထိုင်သော ကိုဖိုးပြည့်သည် နေအိမ်မှ ကျူရှင်ကိုသွားရောက်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ၎င်းသွားရောက်တတ်သော နေရာများတွင်လည်း မတွေ့ရှိကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း လှိုင်မြို့နယ် ၆ ရပ်ကွက်တွင် နေထိုင်သော ကိုထက်လင်းသော်သည် နေအိမ်မှ နေ၍ ဘောလုံးသွားကန်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း၊ ကိုထက်လင်းသော်ကို အမည်မသိ လူတချို့က လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်လည်တွေ့ရှိခြင်းမရှိသေးကြောင်း သိရှိရသည်။
ထို့အတူ ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ လှပခြင်းကျေးရွာအုပ်စု၊ သရက်ကုန်းရွာမှ ကိုကောင်းကောင်းသည် ဆိုင်ကယ်ဖြင့် တာပွန်မြို့ပေါ်ကို စိုက်ပျိုးရေးဆေး သွားဝယ်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ဖုန်းအဆက်အသွယ်လည်း ပြတ်တောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
“ကိုကောင်းကောင်းက တာပွန်မြို့ကို စိုက်ပျိုးရေးဆေး သွားဝယ်မယ်ဆိုပြီး တစ်ယောက်တည်း ထွက်သွားတာ ဖုန်းအဆက်အသွယ်လည်း အခုထိမရှိသေးဘူးပြောတယ်။ ဆိုင်ကယ်ကော လူကောပျောက်သွားတာ” ဟု ပျောက်ဆုံးနေသူ၏ မိတ်ဆွေက ပြောဆိုသည်။
ထို့ပြင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇန ဥယာဉ် အိမ်ရာတွင်လည်း ယမန်နေ့ညပိုင်း အကြမ်းဖက် စစ်တပ်က ဧည့်စာရင်း ဝင်ရောက် စစ်ဆေးပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့ ညပိုင်းတွင် ယုဇနဥယျာဉ် အိမ်ရာကို အကြမ်းဖက် စစ်တပ်နှင့် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင် ဦးဆောင်သော ပျူစောထီးများက နေအိမ်များကို ဧည့်စာရင်း ဝင်ရောက် စစ်ဆေးခဲ့ပြီး လူငယ်အများအပြားကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လူငယ် ဘယ်နှစ်ဦး ဖမ်းဆီးခံရလည်းတော့ အတိအကျတော့ မသိရသေးဘူး။ ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်နဲ့ စစ်ခွေးတွေ ဧည့်စာရင်း ဝင်စစ်ပြီး လူငယ်တွေ အများအပြားကို ပေါ်တာဆွဲ ဖမ်းဆီးသွားတာ သူတို့အဲလိုဖမ်းသွားပြီးရင် ငွေနဲ့ ပြန်ရွေးခိုင်းမယ်ထင်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ယုဇန အိမ်ရာတွင် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်သည် ပြည်သူများ ဧည့်စာရင်းတိုင်လျှင် လူ ၁ ဦးကို ငွေကျပ် ၂၀၀၀ တောင်းခံပြီး ရပ်ကွက် ထောက်ခံစာလုပ်လျှင် ငွေကျပ် ၁၀၀၀၀ တောင်းခံနေကြောင်း၊ ထို့ပြင် တိုက်ခန်း နောက်ဖေးလမ်းကြား သန့်ရှင်းရေးဟုဆိုကာ အခန်း ၁ ကို လစဉ် ၂၀၀၀ ကျပ်တောင်းခံကြောင်း၊ ထိုသို့ ၎င်းတောင်းခံသော ငွေကြေးမပေးသူများကို ဧည့်စာရင်း တိုင်ခွင့်မပေးဘဲ ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ဓာတ်ပုံ – ရန်ကုန်နှင့်ပဲခူးတွင် ပျောက်ဆုံးနေသော အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်တချို့။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar