ရန်ကုန်၊ ဇန်နဝါရီ ၁၇
စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ သံဃာတော် ၁ ပါး၊ ကလေးငယ် ၂ ဦး အပါအဝင် စုစုပေါင်း ပြည်သူ ၆ ဦး သေဆုံးကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီ၏ တိုက်လေယာဉ်က တမူးခရိုင် ခမ်းမြို့ပေါ်သို့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ပြီး ပြည်သူများနေထိုင်နေသော ရပ်ကွက်နှင့် ဘုန်းကြီးကျောင်းကို ဗုံးများကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် သံဃာတော် ၁ ပါး၊ ကလေး ၂ ဦး အပါအဝင် လူ ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း၊ ညပိုင်းဖြစ်၍ အသေးစိတ်အခြေအနေများကို မသိရှိရသေးဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ခမ်းပါတ်မြို့ မှာ တမူးမြို့နယ်တွင် ပါဝင်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ကတည်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်က သိမ်းပိုက်ထားသော မြို့တစ်မြို့လည်းဖြစ်သည်။
အလားတူ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာ ၄ ရွာကို လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းမှ ညပိုင်းထိ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်း ဖက် စစ်တပ်တို့အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာ ၄ ရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ထမင်းပေါင်းရွာ၊ ကျောက်မီးခတ်ရွာ၊ ခဲကြားရွာနှင့် လွယ်ဟောင်ရွာမှ နေအိမ်များ ပျက်စီးမှုရှိပြီး ပြည်သူများ ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ရပ်စောက်မြို့နယ် ကျောက်ဂူမှာ တိုက်ပွဲ ပြင်းထန်နေဆဲပါပဲ။ စစ်တပ်ဘက်က လေယာဉ်နဲ့ ဆက်တိုက် ကျဲချနေတာ လက်နက်ကြီးတွေလည်း ပစ်တယ်။ ထမင်းပေါင်းရွာ၊ ကျောက်မီးခတ်ရွာ၊ ခဲကြားရွာနဲ့ လွယ်ဟောင်ရွာတွေကို အဓိက ပစ်မှတ်ထားပြီး စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကျဲသွားတာ သေနတ် သံတွေက ညပိုင်းထိ ကြားနေရတုန်းပဲ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ အတည်မပြုနိုင်သေးဘူး။ လေယာဉ်က တနေ့လုံးကို ကျဲချနေတာ ထိခိုက်ပျက်စီးမှုကတော့ များနိုင်မယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရပ်စောက်မြို့ဘက်မှ ကျောက်ဂူဒေသဘက်ကို စစ်အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် နှင့် ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်း ဖက် စစ်တပ်က ကျေးရွာများကို လက်နတ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ဘာသာရေး အဆောက်အအုံ ၂ လုံးနှင့် နေအိမ် ၁၅ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar