ရန်ကုန်၊ မေ ၂ဝ
စစ်ကိုင်းတိုင်း တန့်ဆည်နှင့် မင်းကင်းမြို့နယ် အစပ်ရှိ ပျဉ်းကိုင်းရွာ အနောက် ဘက် မဟာမြိုင်တောထဲတွင် PDF တပ်ဖွဲ့များ ရှိသည်ဆိုကာ အကြမ်းဖက် စစ်တပ်က မေလ ၂ဝ ရက်နေ့ မွန်းလွဲပိုင်းတွင် စတင်ကာ တိုက်လေယာဉ် များဖြင့် ကလပ်စတာ ဗုံးများပါ ကျဲချပြီး ရဟတ်ယာဉ် ၃ စီးဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူများ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် မဟာမြိုင်တောထဲကို မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ်မှ စတင်ကာ တိုက်လေယာဉ်ဖြင့် ၈ ကြိမ် ထက်မနည်း ဗုံးကျဲခဲ့ပြီး ရဟတ်ယာဉ် ၃ စီးဖြင့် မိနစ် ၂ဝ ကျော်ကြာ လာရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
” အဲဒီနားက ဖြတ်လာတဲ့ ခရီးသွားတယ် ကိုယ်တိုင် တွေ့ခဲ့တာ တိုက်လေယာဉ် ရော ရဟတ်ယာဉ်ရောပါတယ်။ ဗုံးကျဲတာ မိနစ် ၂၀ လောက်ကြာတယ်။ ဗုံးကျဲတာကို သူတို့ မြင်ခဲ့ရတယ်လို့ ပြောပါတယ်။ သူတို့ ကျဲတဲ့ နေရာက ပျဉ်းကိုင်း အနောက်ဘက် ဆိုတော့ မဟာမြိုင်တောထဲကျဲတာပါ။ ရွာငယ် ကြိုးပြင်သစ်တော လို့လဲခေါ်တယ်။ တန်ဆည် PDFနဲ့ ရေဦး PDF တွေ တောထဲမှာ ရှိတယ်ဆိုပြီး ကျဲတာ PDF တွေ မထိနိုင်ဘူး။ တောနက်ပါတယ်။ အရမ်းကျယ်တာပါ။ မျက်မြင်တွေ ပြောပြချက်ကတော့ တိုက်လေယာဉ် ၁ စီး၊ ရဟတ်ယာဉ် ၃ စီး လာကျဲတာတဲ့ တဝုန်းဝုန်းနဲ့ အဆက်မပြတ်ကို ကျဲတာတဲ့ မိနစ်၂၀ လောက်ကြာတယ်။ ပျဉ်းကိုင်းရွာ ထမင်းဆိုင်ထဲမှာ ရှိနေတဲ့ သူတွေ တောင်ဝပ်နေရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး လက်ရှိချိန်ထိ ထိခိုက်သူရှိမရှိကို အတည်မပြုနိုင်သေးဘဲ ဒေသခံပြည်သူများလည်း ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။