31.9 C
Yangon

ခေတ်အဆက်ဆက် စစ်တပ်က ရောင်းချခဲ့သော န၀ဒေးရုပ်ရှင်ရုံ ပရဝဏ်ဝင်းအတွင်းရှိ ပြည်သူပိုင် ဆိုင်ခန်းများကို စစ်ကောင်စီက အတင်းအကျပ် ဖယ်ရှား ဖျက်သိမ်း

Must read

ခေတ်အဆက်ဆက် စစ်တပ်က ရောင်းချခဲ့သော န၀ဒေးရုပ်ရှင်ရုံ ပရဝဏ်ဝင်းအတွင်းရှိ ပြည်သူပိုင် ဆိုင်ခန်းများကို စစ်ကောင်စီက အတင်းအကျပ် ဖယ်ရှား ဖျက်သိမ်း

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက်၊ န၀ဒေးရုပ်ရှင်ရုံ ပရဝဏ်ဝင်းအတွင်းတွင် ခေတ်အဆက်ဆက် စစ်တပ်က ရောင်းချခဲ့သော ပြည်သူပိုင် ဆိုင်ခန်းများကို စစ်ကောင်စီက အတင်း အကျပ် ဖယ်ရှား ဖျက်သိမ်းနေကြောင်း ဆိုင်ခန်းပိုင်ရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ခေတ်ကာလ ပေါက်စျေး ငွေကျပ်သိန်းရာချီအထိ ပေး၍ ဝယ်ယူခဲ့ရသော ပြည်သူပိုင် ဆိုင်ခန်းများကို အကြမ်းဖက် စစ်ကောင် စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက အတင်း အဓမ္မ သိမ်းယူပြီး ဌာနပိုင်ဟု ဆိုင်းဘုတ်ထောင်ထားကြောင်း၊

၂၀၂၂ ခုနှစ် အောက်တိုဘာလပိုင်းစတင်၍ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ရဲလင်းမြင့် က မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက် အုတ်ပုံဆိပ်လမ်း န၀ဒေးရုပ်ရှင်ရုံ ပြင်ပရှိ ပြည်သူများ ဝယ်ယူ ငှားရမ်းထားသော ဆိုင်ခန်းများကို စတင် ဖယ်ရှားခိုင်းပြီးနောက် လျှပ်စစ်မီးနှင့် ရေများ ဖြတ်တောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိုင်ခန်းများကို ယခင်စစ်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဌာန၏ ရန်ပုံငွေအဖြစ် ဆောက်လုပ်ပြီး စစ်တပ်အရာရှိများကိုချပေးကာ လက်ဆင့်ကမ်း ရောင်းချခဲ့ရာ ယခုနောက်ဆုံး ဝယ်ယူထားသူများမှာ သာမန်အရပ်သား ပြည်သူများဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဆိုင်ခန်းများကို ဖယ်ရှားခိုင်းသော်လည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများကို နစ်နာကြေး ပေးဆောင်ခြင်း မရှိ၍ ပြည်သူများက ဆက်လက် နေထိုင်ခဲ့ကြောင်း၊ သို့သော် ယခုနှစ် ဇန်နဝါရီလပိုင်းမှ စတင်၍ ဦးစီးဌာနက အတင်းအဓမ္မ ခြိမ်းခြောက်၍ ထပ်မံပြောင်းရွှေ့ခိုင်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဦးစီးဌာနက ဆိုင်ခန်းများတွင် ဆက်လက် နေထိုင်နေသော ပြည်သူများကို အခက်အခဲဖြစ်စေရန် ရည်ရွယ်၍ ရပ်ကွက်ရုံးတွင် ဧည့်စာရင်းတိုင်ကြားခွင့် မရရှိရန် ရုံးတွင်း စာပေးပို့ပြီး ပိတ်ပင်တားဆီးခြင်း၊ ဆိုင်လိုင်စင် စည်ပင်လိုင်စင်များ မထုတ် ပေးရန် စည်ပင်ရုံးများကို လိုင်စင်ထုတ်ပေးမှု မရှိစေရန် ရုံးတွင်းစာပေးပို့ခြင်းများ၊ ဆိုင်ခန်းတွင်း နေထိုင်သော ပြည်သူများကို စစ်မှုထမ်းဥပဒေဖြင့် ခြိမ်းခြောက်ခြင်းများကြောင့် ဆိုင်ခန်း အားလုံး ပိတ်သိမ်း ပြောင်းရွေ့ ဖယ်ရှားပေးလိုက်ရကြောင်း သိရသည်။

“မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက် အုတ်ပုံဆိပ်လမ်းမှာရှိတဲ့ န၀ဒေးရုပ်ရှင်ရုံပြင်ပဆိုင်ခန်းတွေလည်း မတရား သိမ်းခံနေရပါတယ်။ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်မှူး ရဲလင်းမြင့် က ယခုအချိန်မှာ မြေကို ရအောင် မသိမ်းနိုင်ရင် နောက်ဘယ်တော့မှ သိမ်းဆည်းရမှာ မဟုတ်တော့ဘူးလို့ ပြောဆိုပြီးတော့ကို မတရားသိမ်းဆည်းတာပါ။ ဆိုင်ခန်းအားလုံးကို ပြောင်းရွေ့ နစ်နာကြေးထုတ်ပေးဖို့ ညွှန်ကြားထားပေမယ့် သူတို့နဲ့ ပတ်သက်ဆက်နွယ်သူတွေကိုပဲ ပြောင်းရွေ့စရိတ်ပေးပါတယ်။ အများစုက မရပါဘူး။ ပြည်သူတွေကို မပြောင်းပြောင်းအောင် နည်းမျိုးစုံနဲ့ ဒုက္ခပေးလို့ ရွေ့ပြောင်းပေးလိုက်ရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဆိုင်ခန်းများကို ပြည်သူများက လွန်ခဲ့သော ၂၃ နှစ်ခန့်ကပင် ၀ယ်ယူ ငှားရမ်း လုပ်ကိုင်နေခြင်းဖြစ်ပြီး ယင်းဆိုင်ခန်းများ အတွင်း နေထိုင်သူ ပြည်သူ ၇၀ ကျော်ရှိကြောင်း၊ လက်ရှိချိန်တွင် ယင်းဆိုင်ခန်းအားလုံးကို အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ချိတ်ပိတ်ပြီး ဌာနပိုင်ဟု ဆိုင်းဘုတ်ထောင်ထားကြောင်း သိရသည်။

ဓာတ်ပုံ – မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက် အုတ်ပုံဆိပ်လမ်း န၀ဒေးရုပ်ရှင်ရုံ ပြင်ပရှိ ပြည်သူများ ဝယ်ယူ ငှားရမ်းထားသော ဆိုင်ခန်းများကို ဌာနပိုင်ဟု ဆိုင်းဘုတ်ထောင်ထားစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article