ရန်ကုန်၊ ဇန်နဝါရီ ၂၀
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ဝါးကြီးအိုင်ရွာနှင့် ညောင်ကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးများဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့တွင် တောင်သာမြို့နယ်၊ ညောင်ကုန်းကျေးရွာကို မိတ္ထီလာမှ တက်လာသော စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးရှိ နေအိမ်များပေါ် ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း အသက် ၇၈ နှစ်အရွယ် ဒေါ်ခင်သန်း ၊ အသက် ၅၇ နှစ်အရွယ် ဒေါ်ခင်ညွှတ်နှင့် ဦးအောင်မြင့်တို့ သေဆုံးခဲ့ပြီး ဗုံးသီးပေါက်ကွဲသံများဖြင့် ကျန်းမာရေး မကောင်းသည့် အသက် ၇၇ နှစ်အရွယ် ဦးကြည်လှိုင်လည်း နှလုံးရပ်၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာမှ တက်လာသော စက်တပ် လေထီး ၂ စီးက ဝါးကြီးအိုင်ရွာကို ထပ်မံ ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးပြီး ပြည်သူများ မွေးမြူထားသည့် ဆိတ် ၁ကောင်နှင့် နွား ၁ ကောင် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar