ရန်ကုန်၊ ဇန်နဝါရီ ၂၉
အကြမ်းဖက် စစ်ကောင်စီက အမျိုးသမီးများ စစ်မှုထမ်းရန် စာရင်းကောက်နေသည့်သတင်းများမှာ မဟုတ်မှန်ကြောင်း ယနေ့ သတင်းထုတ်ပြန် ငြင်းဆိုသည်။
မြို့နယ်တချို့တွင် ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် အသက်အရွယ် အကျုံးဝင်သည့် အမျိုးသမီးများကို စာရင်းကောက်ခံနေသည်ဆိုသော သတင်းများမှာ ကောလာဟလ သတင်းများဖြစ်ကြောင်း၊ အမျိုးသမီးများကို လတ်တလော စစ်မှုထမ်း ခေါ်ယူရန် မရှိသေးကြောင်း ၊ လက်ရှိ အမျိုးသမီးများ စစ်မှုထမ်းဆောင်ရန် စာရင်းကောက်ခံခြင်းများ မရှိကြောင်း၊ အများပြည်သူ စိုးရိမ်ထိတ်လန့်ရန် သတင်းအမှား များ ဖန်တီးရေးသားနေခြင်းဖြစ်ကြောင်း ယနေ့ စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့ သတင်းထုတ် ပြန်ခဲ့ရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို စစ်မှုထမ်းရန် ခေါ်ယူရာတွင် သေနတ်ကိုင် ရှေ့တန်း ထွက်ခိုင်းမည်မဟုတ် ကြောင်း၊ ယနေ့ လက်နက်ကိုင်ခိုင်းပြီး ယနေ့ ရှေ့တန်းမလွှတ်ကြောင်း ပြောဆိုခဲ့ဖူးသည်။
“ပြည်သူ့စစ်မှုထမ်းဥပဒေ ဆောင်ရွက်တဲ့နေရာမှာ အားလုံးခြိမ်းခြောက်ခံနေရတာက ဒီနေ့ပဲသေနတ်ကိုင်ပြီး ဒီနေ့ပဲရှေ့တန်းထွက် ရမလို ပြောနေကြတယ်။ မဟုတ်ပါဘူး” ဟု အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက လိမ်လည်ပြောဆိုခဲ့ဖူးသည်။
သို့ရာတွင် လက်တွေ့ လစဉ် စစ်မှုထမ်းသင်တန်းဆင်းပြီးသည်နှင့် တပ်သားသစ် လူငယ်များကို ရှေ့တန်းစစ်မြေပြင်များသို့ စေလွှတ်ခဲ့သဖြင့် စစ်မှုထမ်းတပ်သားသစ် လူငယ်အများအပြား ရှေ့တန်းစစ်မြေပြင်များတွင် သေဆုံးခဲ့ကြရကြောင်း တပ်သတင်းရင်းမြစ်များနှင့် ကျန်ရစ်သူမိသားစုများက ပြောဆိုကြသည်။
လတ်တလော ရန်ကုန်တိုင်း အပါအဝင် တိုင်း/ပြည်နယ်တချို့တွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးများစာရင်းကို စစ်ကောင်စီက ကောက်ခံလျက်ရှိပြီး ယင်းသို့ ကောက်ခံနေမှုများကြောင့် အမျိုးသမီးများနှင့် မိဘများမှာ စိုးရိမ်ထိတ်လန်နေ့ ကြရကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းအတွင်း အမျိုးသမီး စစ်မှုထမ်းစာရင်းများကို ကောက်ယူရာတွင် သာကေတမြို့နယ်၊ ၇ အနောက်ရပ်ကွက်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး သန့်ဇင်ဝင်း ခေါ် သောဘိ ၊ ရာအိမ်မှူး လှဝင်းစောင်နှင့် အပေါင်းပါများက အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်းရှိသော စစ်မှုထမ်းရမည့် အမျိုးသမီးများ စာရင်းကို ကောက်ယူနေကြောင်း သိရှိရသည်။
အလားတူ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပြည်သူ့ စစ်မှုထမ်း နည်းဥပဒေကို ထုတ်ပြန်ကြေညာပြီးနောက် ကျောက် တံတားမြို့နယ်၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ဌေးက အမျိုးသမီး စစ်မှုထမ်း စာရင်းများ လိုက်လံကောက်ခံခဲ့ပြီး တက္ကသိုလ်ကျောင်းသူများ၏ အမည်စာရင်းများပါ တောင်းယူသွားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင်လည်း အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်းရှိ စစ်မှုထမ်းရမည့် အမျိုးသမီးများစာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက တောင်းခံလျက်ရှိကြောင်း၊ တောင်ကြီးမြို့နယ် ၊ ဖာမွန်းကျေးရွာတွင် စစ်မှုထမ်းရမည့် အမျိုးသမီးများစာရင်းကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကောက်ခံသွားခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar