ရန်ကုန်၊ ဇန်နဝါရီ ၃၀
မြန်မာနိုင်ငံတစ်ဝန်းမှ ရန်ကုန်မြို့သို့ လာရောက် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်အရေအတွက်ကို အကြမ်းဖက် စစ်ကောင်စီက စတင်ကောက်ယူနေကြောင်း လှိုင်သာယာမြို့နယ်အနောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြော ဆိုသည်။
ရန်ကုန်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က စစ်ဘေးတိမ်းရှောင်လာသူများကို ထောက်ပံ့မည်ဟုဆိုကာ အိမ်ထောင်စု လူဦး ရေ စာရင်းများ လိုက်လံကောက်ခံနေပြီး တော်လှန်ရေးနှင့် ပတ်သက် ဆက်နွယ်သူများကိုပါ တစ်ပါတည်း စိစစ် ဖမ်းဆီးရန် ရှိနေကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့မှ စတင်ပြီး ရန်ကုန်မြို့ပေါ်ကို ဒေသ အသီးသီးမှ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများ၏ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) များကို လိုက်လံ ကောက်ခံနေခြင်းဖြစ်ကြောင်း၊ ထို့သို့ ကောက်ခံရာတွင်လည်း စစ်ကောင်စီကက ထောက်ပံ့မှုများ ပြုလုပ်နိုင်ရန် အတွက် ကောက်ခံခိုင်းခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။
ယင်းသို့ ကောက်ခံရာတွင် စစ်ဘေးရှောင်ပြည်သူများထဲမှ တော်လှန်ရေးနှင့် ပတ်သက်ဆက်နွယ်သူများ ပါဝင်လာနိုင်သဖြင့် အထူးစိစစ် တင်းကျပ်မှုများ လုပ်ဆောင်ရန်နှင့် တော်လှန်ရေးနှင့်ဆက်နွယ်သူများ တွေ့ရှိပါက ဖမ်းဆီးရန်လည်း စစ်ကောင်စီက ညွှန်ကြား ထားကြောင်း သိရှိရသည်။
“ရန်ကုန်ကို ရောက်နေတဲ့ ဒေသ အသီးသီးက စစ်ဘေးရှောင်တွေရဲ့ မိသားစုစာရင်းကို ကောက်ယူနေပါတယ်။ ကိုယ်ရေး အချက်အစုံယူဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်။ ဘာလို့ ယူတာလည်းမေးရင် အစိုးရက ထောက်ပံ့ပေးဖို့ ကောက်ခိုင်း တယ်ဆိုပြီးပြောခိုင်းထားတယ်။ အမှန်တကယ်က တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်အောင် လုပ်နေတာ စစ်ဘေးရှောင် ရောက်နေတဲ့ သူတွေထဲမှာ စစ်တပ်က လိုချင်နေတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ သူတွေရဲ့ အချက်အလက်ကို ခြေရာခံ ဖမ်းဆီးတာတွေလုပ်ဖို့ လုပ်နေတာ” ဟု လှိုင်သာယာမြို့နယ်အနောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ရှင်းပြသည်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်း ဧည့်စာရင်းဖြင့် နေထိုင်သူ အားလုံး၏ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) မိတ္တူ စာရွက် ၂ စောင်နှင့် ဖုန်းနံပါတ်များကို ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ရပ်ကွက်ရုံးထံသို့ ပေးပို့ရန် လော်စပီကာဖြင့် ကြေညာနေကြောင်း ရန်ကုန်တွင် ရောရှိနေသည့် စစ်ဘေးရှောင် ပြည်သူတချို့ထံမှ သိရှိရသည်။
“ကျနော်တို့ ရပ်ကွက်ထဲမှာတော့ ဧည့်စာရင်းနဲ့ နေထိုင်သူ အားလုံးရဲ့ အိမ်ထောင်စု လူဦးရေစာရင်း မိတ္တူ ၂ စောင်နဲ့ ဖုန်းနံပါတ်တွေ ရေးပြီး အိမ်ပိုင်ရှင်နဲ့ ရာအိမ်မှူးကို ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးဖို့ စစ်ခွေးခန့် အုပ်ချုပ်ရေးမှူးက လော်စပီကာနဲ့ လာအော်သွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကောင်စီက သန်းခေါင်စာရင်းနှင့်လူဦးရေ စာရင်းကောက်ယူခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar