25 C
Yangon

ပုသိမ်တွင် လောင်းကစားဒိုင်တချို့ကို ရဲကဝင်ဖမ်းပြီး ငွေကျပ် သိန်းရာချီတောင်းယူ၍ ပြန်လွှတ်ပေး၊ ဧရာ၀တီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်းနှင့်လက်အောက်ခံရဲများက အဓိက လုပ်ဆောင်ခဲ့

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် လောင်းကစားဒိုင်တချို့ကို ရဲကဝင်ဖမ်းပြီးနောက် ငွေကျပ် သိန်းရာချီတောင်းယူ၍ ပြန်လွှတ်ပေးလိုက်ပြီး အဆိုပါ လွှတ်ပေးမှုနောက်ကွယ်တွင် ဧရာ၀တီတိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး တင်ဇော်ထွန်းနှင့်လက်အောက်ခံရဲများက အဓိ က ပါဝင်ပတ်သက်လျက်ရှိကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းတွင် လောင်းကစား၀ိုင်များ ပိုမိုများပြားလာပြီး အဓိကအားဖြင့် နယ်မြေခံရဲ၊ ထွေ/အုပ်နှင့်စစ်တပ်ကို လိုင်းကြေးပေး၍ လောင်းကစား၀ိုင်းများ တည်ထောင်ကြကြောင်း၊ လောင်းကစား၀ိုင်းများက လိုင်းကြေးပေးရသည့် ရဲ၊စစ်တပ်နှင့်ထွေ/အုပ် အဖွဲ့များ မတူညီသည့်အတွက် လိုင်းကြေးမရသည့်အဖွဲ့က ဝင်ရောက်ဖမ်းဆီးမှုများ ရှိကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသည့်အခါ ငွေကြေးဖြင့် ညှိနှိုင်း ပေးကမ်း၍ ပြန်လည် လွတ် မြောက်လာကြကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် ပုသိမ်မြို့ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဖြိုးသူရနိုင်၊ အမှုစစ် အေးအေးအောင်၊ နယ်ထိန်း ဇေယျာမောင် ဦးဆောင်သော အဖွဲ့က ပုသိမ်မြို့၊ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်း၊ နောင်ရိုး ဟိုတယ်ရှိ ဖဲ၀ိုင်းကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးစဉ် လောင်းကစားငွေကျပ် ၁၅၅ သိန်းနှင့် လောင်း ကစားသူ ၆ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးရရှိသူများကို ရဲစခန်းသို့ခေါ်ဆောင်ပြီးနောက် သိန်း ၃၀၀ ဖြင့် ညှိနှိုင်းကာ ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

“ပုသိမ် နယ်မြေရဲစခန်းက တိုင်းတပ်ဖွဲ့မှူးဆီ ပုံမှန် ဂါကြေး(လာဘ်ငွေ) ရှာပေးနေတာ။ အဲဒါ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းမှာ နောင်ရိုးဟိုတယ်မှာ လောင်းကစား၀ိုင်းကို ဝင်ဖမ်းပြီး တရားခံ ၆ ဦးကို ငွေ ၁၅၅ သိန်းနဲ့မိတယ်။ လက်ထိပ်မခတ်ဘဲ စခန်းခေါ်တယ်။ ပြီးတော့ ရဲသတင်းပေး နေမျိုးဝင်း(ရွှေဝါထွန်း)ကနေ ညှိပေးလိုက်တာမှာ သိန်း ၃၀၀ နဲ့တည့်ပြီး အားလုံး ပြန်လွှတ်ပေးလိုက်တယ်” ဟု ရဲသတင်းရင်းမြစ်က ရှင်းပြသည်။

ဧရာ၀တီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်းမှာ ၂၀၂၀ ခုနှစ်ကတည်းက ရှမ်းပြည်နယ်မှ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ဧရာဝီတိုင်းအတွင်းရှိ ရဲစခန်းများက လစဉ် ဂါကြေး(ဂါ၀ရပြုကြေး) ပေးပို့ရကြောင်း၊ ပုံမှန် ဂါကြေးပေးပို့နိုင်သော နယ်မြေရဲစခန်းများကို မျက်နှာသာပေးပြီး အပြောင်းအရွှေ့ မဖြစ်စေရန် ကာကွယ်စောင့်ရှောက်ပေးထားကြောင်း သိရှိရသည်။

လတ်တလော ပုသိမ်မြို့မှ ဒေသသတင်းရင်းမြစ်များ၏ အဆိုအရ ပုသိမ်မြို့နယ်အတွင်း လောင်းကစား၀ိုင်းများသာမက မူးယစ် ဆေးဝါးအရောင်းအဝယ်၊ ပြည့်တန်ဆာလုပ်ငန်းများ၊ နှစ်လုံး သုံးလုံးနှင့်ဘောလုံးလောင်းကစားများပါ ကျယ်ကျယ်ပြန့် ပြန့် ဖြစ် ထွန်းလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဧရာ၀တီတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်း ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဧရာ၀တီတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်း
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article