ရန်ကုန်| ဇန်နဝါရီ ၃၀
ထိုင်းနိုင်ငံ ဆူရတ်ဌာနီပြည်နယ် ကော့ဖငန်း (Koh Phangan) ကျွန်းပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်း တစ်ခုတွင် မြန်မာကလေးငယ် ၁၉၀ ကျော် ပညာသင်ကြားနေသော မြန်မာစာသင်ကျောင်းတစ်ကျောင်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖော်ပြသည်။
အဆိုပါ ကျောင်းတွင် မြန်မာနိုင်ငံသား ကလေးငယ် အသက် ၃ နှစ်မှ ၁၂ နှစ်ကြား ကလေး ၁၉၀ ပညာသင်ကြားနေခြင်းဖြစ်ပြီး အင်္ဂလိပ်-မြန်မာဘာသာဖြင့် ဖတ်စာအုပ် ၃၁ အုပ်ကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများသည် ခိုဖန်ဂန်ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် လည်ပတ်နေသော ကျောင်းကို ဇန်နဝါရီ ၂၈ ရက်နေ့ တွေ့ရှိခဲ့ကြောင်း Surat Thani ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးရေးမှူး ရဲဗိုလ်ချုပ် Charoenchai Boonkliang က ပြောဆိုသည်။
ပါဝင်ပတ်သက်သူများအားလုံးကို “ခွင့်ပြုချက်မရှိဘဲ တရားဝင်ကျောင်း တည်ထောင်ခြင်း” နှင့် “အလုပ်ပါမစ်မရှိသော နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ခြင်း” တို့ဖြင့် တရားစွဲဆိုခံထားကြောင်း အဆိုပါ သတင်းတွင် ရေးသားထားသည်။
ကျောင်းဖွင့်လှစ်မှုနှင့်ပတ်သက်၍ မြန်မာလေးဦး ဖြစ်သော မအေးမြသူဇာ အသက် ၄၀နှစ်၊ ကိုရန်နိုင်စိုး ၃၁နှစ်၊ မမြမြဝင်း ၃၃နှစ်နှင့် ကိုချစ်ဖြိုးနောင် ၂၁နှစ်တို့ကို ရဲစခန်းတွင် ဖမ်းဆီးအရေးယူထားပြီး ၎င်းတို့ထဲမှ နှစ်ဦးကိုလည်း ခွင့်ပြုမိန့်မရှိဘဲ အလုပ်လုပ်ကိုင်မှုဖြင့် တရားစွဲခံထားကြောင်း သိရသည်။
အဆိုပါ ကျောင်းကို လွန်ခဲ့သည့် ခြောက်လက ကျောင်းဖွင့်ခဲ့ခြင်း ဖြစ်ပြီး ကျောင်းသားများသည် ခိုဖန်ဂန်ရှိ မြန်မာအလုပ် သမားများ၏ သားသမီးများဖြစ်ကြောင်း ရဲဗိုလ်ချုပ် Charoenchai က ပြောကြားခဲ့သည်။
အဆိုပါ ကျောင်းတွင် ကျောင်းသားတစ်ဦး တစ်လလျှင် ဘတ် ၃၀၀-၅၀၀ ကောက်ခံကြောင်း သိရသည်။ ရဲတပ်ဖွဲ့က ကျောင်းပိုင်ရှင်အစစ်အမှန်ကို ရှာဖွေနေပြီး မြန်မာကလေးငယ်များ၏ မိဘများ အလုပ်လုပ်ခွင့်ပါမစ် ရှိ၊ မရှိကိုလည်း စိစစ်နေကြောင်း ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံရှိ ကျောင်းများသည် မြန်မာကလေးများကို ဝန်ဆောင်မှုပေးနိုင်သော်လည်း မိဘများက တရားမဝင်ရွှေ့ပြောင်းနေထိုင်သည့် ကလေးများအတွက် ဝင်ခွင့်ခက်ခဲကြောင်း ဒေသဆိုင်ရာ ပညာရေးအာဏာပိုင်များက ပြောကြားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar