33 C
Yangon

ဆိပ်ဖြူမြို့နယ်၊ ညောင်ဂွေး၀ကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကား၊ ဆိုင်ကယ်နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများနှင့် ရွှေငွေများကို စစ်သားများက လုယက်ယူဆောင်

Must read

ဆိပ်ဖြူမြို့နယ်၊ ညောင်ဂွေး၀ကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကား၊ ဆိုင်ကယ်နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများနှင့် ရွှေငွေများကို စစ်သားများက လုယက်ယူဆောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ညောင်ဂွေး၀ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကား၊ ဆိုင်ကယ်နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများနှင့် ရွှေငွေများကို စစ်သားများက လုယက်ယူ ဆောင်သွားကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊‌ ရွှေဘိုးကျွန်းရွာ စာသင်ကျောင်းတွင် စခန်းချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၄၀‌ ခန့်သည် ကျောက်ကြီးရွာနှင့် ညောင်ဂွေးဝကျေးရွာတို့ကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်ဂွေး၀ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းစဉ် ပြည်သူပိုင် ဈေးဆိုင်များ၊ လူနေအိမ်များကိုလည်း ၀င်ရောက်မွှေနှောက် ဖျက်ဆီးပြီး ‌ရွာထဲရှိ တန်ဖိုးကြီး ပစ္စည်းများ၊ ပိုက်ဆံနှင့် ရွှေထည် များကိုလည်း ယူဆောင်သွားကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် ကား ၊ ဆိုင်ကယ်များနှင့် ကားဝပ်ရှော့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ပြည်သူပိုင် ပစ္စည်းတွေနဲ့ ရွှေငွေတွေကိုလည်း ယူဆောင်သွားပါတယ်။ ကျေးရွာနေ ပြည်သူတွေဆိုတာ တစ်နေ့လုပ်မှ တစ်နေ့ စားနေရတဲ့ ပြည်သူတွေရဲ့ ဘဝတွေကို ဖျက်ဆီးသွားတာ ကားဝပ်ရှော့လေး တစ်ခုကို မီးရှို့ဖျက်ဆီးသွားတာဆိုရင်လည်း ဒါဟာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ မိသားစုလေး တစ်စုရဲ့ ခက်ခဲတဲ့ ကာလမှာ ထူထောင်ထားတဲ့ အရာပေါ့။ ရွာထဲမှာ ပါသွားတဲ့ ရွှေ‌ငွေ တန်ဖိုးရှိတဲ့ အရာတွေလည်း တကယ်ကို ရိုးရိုးသားသားရှာဖွေထားတဲ့ သာမန်ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုကို ဖျက်ဆီးပြီးတော့ သူတို့ မွှေနှောက်သွားတာပေါ့။ နောက်ပြီးတော့ လက်နက်ကြီးတွေ ရမ်းသမ်းထုနေတဲ့ အတွက် တကယ်ကို အလန့်တကြားနဲ့ အထိပ်တလန့်နဲ့ နေနေရတဲ့ ပြည်သူတွေရဲ့ ဘဝတွေကိုတော့ စိုးရိမ်စိတ်တွေနဲ့ သူတို့ရဲ့ လုပ်ရပ်က လူမဆန်ဘူးလို့ပဲပြောချင်တယ်။ စာနာစိတ်ကင်းမဲ့တဲ့ လုပ်ရပ်တွေပေါ့” ဟု ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်ကို ညောင်ဂွေးဝကျေးရွာ တောင်ဘက် (ဘုရားကုန်း) အရောက်တွင် ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စောင့် ကြို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေ အနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ယင်းစစ်ကြောင်းသည် ညောင်ဂွေး၀ကျေးရွာမှ တောင်ဖြူကျေးရွာနှင့် ရှားတောကျေးရွာကို ဖြတ်၍ ကပစ ၂၂ ဂိတ်ကို ပြန်လည် ၀င်ရောက်သွားကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း ကပစ ၂၂ မှ အကြမ်းဖက် စစ်ကောင် စီ တပ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဆိပ်ဖြူမြို့နယ်၊ ကင်မွန်းတောင့်ရွာကို ကျရောက်ပေါက်ကွဲပြီး အသက် ၅ နှစ်အရွယ် အမွှာ ညီအကို ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article