ကလေးမြို့နယ်၊ ဆည်တောရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြန်၊ လေကြောင်းတိုက်ခိုက်ခံရသော တင်သားရွာနှင့် ကုက္ကိုလ်ရွာတွင် သေဆုံးသူ ပြည်သူ ၁၁ ဦးအထိ မြင့်တက်လာ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ဆည်တောရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၅ နာရီ ကျော်ခန့်တွင် ကလေးမြို့ တောင်ပိုင်းရှိ ဆည်တောရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦးများ ပျက်စီးပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကလေးမြို့နယ် တောင်ပိုင်းက ဆည်တောရွာကို စစ်ခွေးတွေ မနေ့က ညနေပိုင်းက လေကြောင်းနဲ့ ဗုံးထပ်ကျဲသွားပါတယ်။ တော်လှန်ရေး ရဲဘော် ၁ ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်။ ဝက်စာသွားကျွေးနေရင်း ထိတာလို့တော့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်နှင့် ၂၇ မိနစ်ခန့်ကလည်း ကလေးမြို့နယ် တောင်ပိုင်းရှိ တင်သားရွာ ကျေး လက် ကျန်းမာရေး ဆေးပေးခန်းနှင့် ကုက္ကိုလ်ရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင် ကလေးငယ်များ အပါအဝင်သေဆုံးသူ ပြည်သူ ၁၁ ဦး အထိမြင့်တက်လာကြောင်း၊ ဒဏ်ရာရ ပြည်သူ ၄ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရောက်ရှိနေကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း စစ်ဘေးရှောင် ကျောင်းသား လူငယ် ၄ ဦးနှင့် အမျိုးသမီး ၇ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးထဲမှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးသည် ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရသည်။
“မနေ့က လေကြောင်းတိုက်ခိုက်မှုက စုစုပေါင်း ပြည်သူ ၁၁ ဦး သေဆုံးတယ်။ စစ်ဘေးရှောင် ကျောင်းသား လူငယ် ၄နဲ့ အမျိုးသမီး ၇ သေဆုံးတယ်။ တစ်အိမ်ထဲကနေ မိသားစု ၂ စုထက်မနည်း ပါဝင်ပါတယ်။ ဒဏ်ရာရတဲ့ ၃၀ ထဲက အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးကတော့ စိုးရိမ်ရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ – ကလေးမြို့နယ်ရှိ ဆည်တောရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးမှုများ။


