ရန်ကုန်၊ ဖေဖော်ဝါရီ ၃
ဇန်နဝါရီလနှောင်းပိုင်း မရမ်းကုန်းမြို့နယ်နှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တို့တွင် စစ်မှုထမ်းရမည့် လူငယ်များစာရင်း ကောက် ယူခဲ့ကြောင်း၊ မရမ်းကုန်းမြို့နယ်တွင် ဂျပန်နိုင်ငံသို့ PJ ဖြင့် သွားရောက် အလုပ်လုပ်ကိုင်မည့် အသက် ၂၉ နှစ်အရွယ် အမျိုး သားလူငယ် ၁ ဦးနှင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ထိုင်းနိုင်ငံသို့ သွားရောက် တက္ကသိုလ်တက်မည့် အသက် ၂၁ နှစ်အရွယ် အမျိုးသားလူငယ် ၁ ဦးတို့က စစ်မှုထမ်း ရွှေ့ဆိုင်းခွင့် လျှောက်ထားရန် ကြိုးစားခဲ့ရာတွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ငွေသိန်းဆယ်ချီ တောင်းယူနေသည်ကို ကြုံတွေ့ရကြောင်း သိရှိရသည်။
“စစ်မှုထမ်း ရွှေ့ဆိုင်းခွင့်ရဖို့ အုပ်ထိန်းသူမိဘနဲ့အတူ မြို့နယ်မှာသွားစုံစမ်းပါတယ်။ ရပ်ကွက်ထောက်ခံချက်၊ စစ်မှုထမ်းခွင့် ရွှေ့ဆိုင်းလိုတဲ့ ကိုယ်တိုင်ရေး ဝန်ခံချက်၊ မိဘအုပ်ထိန်းသူရဲ့ ခံဝန်ချက်၊ သန်းခေါင်စာရင်း၊ မှတ်ပုံတင်မိတ္တူ။ စစ်မှုထမ်းစာရင်း မှတ်ပုံတင်အမှတ် အဲဒါတွေနဲ့တင်ပြရမယ်ပြောတယ်။ အဲဒါနဲ့ ရပ်ကွက်ရုံးမှာသွားမေးတော့ စာရေးမက သိန်း ၅၀ တောင်းတယ်။ မြို့နယ်ကို သိန်း ၃၀ ၊ ရပ်ကွက်ကို သိန်း ၂၀ ပေးရမယ်။ အဲဒါမှ ရပ်ကွက်ထောက်ခံချက်နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ လုပ်လို့ရမယ်ပြောတယ်။ ပေါ်ပေါ်တင်တင်ကို တောင်းတာပါ” ဟု မရမ်းကုန်းမြို့နယ်မှ အသက် ၂၉ နှစ်အရွယ် လူငယ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၆၀ ရပ်ကွက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်ပညာသင်ကြားရန် ပြင်ဆင်နေသော လူငယ်က မြို့နယ်ထွေ/အုပ်ရုံးမှ ပွဲစား၏ ချိတ်ဆက်ပေးမှုဖြင့် စစ်မှုထမ်းရွှေ့ဆိုင်းခွင့်ရရှိရေး လျှောက်ထားရန် ကြိုးစားရာ ငွေကျပ် သိန်း ၆၀ အပြီးအစီးစျေးတောင်းယူကြောင်း ပြောဆိုသည်။
“မြို့နယ်/ထွေအုပ်နဲ့ အချိတ်အဆက်လုပ်ထားတဲ့ ပွဲစားက စစ်မှုထမ်းရွှေ့ဆိုင်းခွင့် အပြီးအစီး သိန်း ၆၀ ကျမယ်။ လျှောက် လွှာတင်ကာအစ အကုန်လုံး လုပ်ပေးမယ်။ အကြောင်းအရာကိုလည်း သူတို့ဟာသူတို့ သင့်တော်သလို တင်ပေးမယ်ပြောတယ်။ လူလိုက်စရာမလိုဘူး။ လိုအပ်တဲ့စာရွက်စာတမ်းပေးရုံပဲလို့ ပြောတယ်။ အဓိက ဆေးကျအောင် လုပ်ပေးပြီးတော့ ယာယီစစ်မှုထမ်းရွှေ့လို့ရအောင် လုပ်ပေးမယ်ပြောတယ်။ သိန်း ၆၀ က တစ်ခါတည်းချက်ချင်းပေးရမှာ” ဟု ယင်းအခြေအနေကို သိရှိထားသူ သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများ ပြည်ပအလုပ်လုပ်ခွင့် ယာယီ ရပ်ဆိုင်းထားပြီး PV ဖြင့် ပြည်ပသို့ ထွက်ခွာမှုများကိုလည်း အထူးတင်းကျပ်စွာ စိစစ်နေသဖြင့် လူငယ်များ ပြည်ပထွက်ခွင့်ရရန် အလွန်ခက်ခဲနေကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က စစ်မှုထမ်း ကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့်နှင့် လျှော့ပေါ့ခွင့်များကို ခွင့်ပြုချက်များ ထုတ်ပေးလျက်ရှိပြီး ယင်းသို့ထုတ်ပေးရာတွင် မြို့နယ်နှင့်ရပ်ကွက်က အဓိက စိစစ် ထောက်ခံပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်မှုထမ်း ရွှေ့ဆိုင်းခွင့်လျှောက်ထားရာတွင် ယာယီအားဖြင့် စစ်မှုထမ်းနိုင်မည့် ကျန်းမာရေး အဆင့်မမီကြောင်း တပ်တော်ဆေးစစ်ရေးဘုတ်အဖွဲ့က ထောက်ခံချက်ရရှိထားသူ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားပြုစုစောင့်ရှောက်မည့် သူမရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှု ခံယူနေသူများ၊ ထောင်ဒဏ်ကျခံနေရသူများ အကျုံးဝင်ကြောင်း သိရှိရသည်။
ထို့ပြင် ဆင့်ခေါ်ရေး အမိန့်စာ လက်ခံရရှိသည့်နေ့မှ သတ်မှတ်နေ့ရက်အတိုင်း သတင်းပို့ခြင်းမပြုရသေးမီ ကာလအတွင်း မိဘတစ်ဦးဦးသော်လည်းကောင်း၊ အိမ်ထောင်သည်အမျိုးသားဖြစ်ပါက ဇနီးသော်လည်းကောင်း ရုတ်တရက်သေဆုံးခြင်း၊ မတော်တဆဖြစ်ရပ်ကြောင့် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတစ်ခုခု အပြင်းအထန်ဒဏ်ရာရရှိသူဖြစ်ခြင်း၊ ဥပဒေနှင့်အညီ ချုပ်နှောင်ခံရသူ သို့မဟုတ် တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူဖြစ်ခြင်း၊ နိုင်ငံတော်၏ လိုအပ်ချက်အရ ပညာရပ်များကို လေ့လာသင်ယူနေသူဖြစ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းပေးရန် မဖြစ်မနေ လိုအပ်သူဖြစ်ခြင်းတို့ကြောင့်လည်း စစ်မှုထမ်းခွင့် ရွှေ့ဆိုင်းခွင့်ရှိကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက တိုင်ကြားသူတစ်ဦးအနေဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံသို့ စစ်မှုထမ်း ရွှေ့ဆိုင်းခွင့်အတွက် ငွေကြေးတောင်းခံမှုများနှင့်ပတ်သက်ပြီး မေးမြန်းရာ နာမည်အတိအကျ အချိန်အတိအကျ၊ ဖြစ်စဉ် အတိအကျဖြင့် တိုင်ကြားနိုင် ကြောင်း၊ အရေးယူမှု၊ မယူမှုမှာ သက်ဆိုင်ရာ အထက်လူကြီးများ၏ ဆုံးဖြတ်ချက်ဖြင့်သာ သက်ဆိုင်ကြောင်း၊ တိုင်ကြားသူ၏ ကိုယ်ရေးအချက်အလက်အပြည့်အစုံကိုပါ ထည့်သွင်းတိုင်ကြားရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းရွှေ့ဆိုင်းခွင့်အတွက် တိုင်ကြားသူတစ်ဦးမှ မရှိသေးကြောင်း ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar