ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သား ၅ ဦး လက်နက်ချ အညံ့ခံလာသဖြင့် ဖမ်းဆီးရရှိခဲ့ပြီး ယင်းအထဲတွင် ဓနုပြည်သူ့လွတ်မြောက်တပ်ဦးမှ တော်လှန်ရေးရဲဘော် ကိုကျော်ယံ၏ အကိုဖြစ်သူ ပါဝင်လာကြောင်း သိရှိရသည်။
၎င်းတို့ ညီအစ်ကို ၂ ဦးသည် ၂၀၁၃ ခုနှစ်ကတည်းက ကွဲကွာခဲ့ကြခြင်းဖြစ်ပြီး အစ်ကိုဖြစ်သူမှာ နောင်ချိုမြို့နယ်၊ တောင်ခမ်းအခြေစိုက် အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်မှ တပ်ကြပ်တစ်ဦးဖြစ်ပြီး ညီဖြစ်သူ ကျော်ယံမှ ဓနုပြည်သူ့လွတ်မြောက်တပ်ဦးမှ တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်သည်။
ယခုအချိန်တွင် တော်လှန်ရေးရဲဘော် ကိုကျော်ယံမှ အသက် ၂၇ နှစ်ရှိနေပြီဖြစ်ပြီး အကိုဖြစ်သူ စစ်သုံ့ပန်းစစ်သားမှာ အသက် ၃၈ နှစ်ရှိနေဖြစ်ပြီဖြစ်ရာ လွန်ခဲ့သော ၁၂ နှစ်က ညီအစ်ကို ၂ ဦး ကွဲကွာခဲ့ကြခြင်းဖြစ်သည်။
“သူတို့ ၂၀၁၃ ကတည်းက သူတို့ချင်းကွဲသွားတာ။ အဲဒီကနေ သူ့အစ်ကိုက စစ်တပ်ထဲ ရောက်သွားတာ။ ပြီး အခုမှ သူတို့ ပြန်တွေ့တာ။ သူတို့တွေ့တာကတော့ ရှေ့တန်းစစ်မြေပြင်မှာ ရန်သူဘက်က အရေးမသာလို့ လက်နက်ချပြီးတော့မှ အညံ့ခံတဲ့အနေအထားနဲ့မှ သူတို့ ပြန်တွေ့တာ။ အများကြီးတော့ မေးလို့ မရဘူးဗျ။ အကိုဖြစ်သူ စစ်သားက မူးယစ်ဆေးအရမ်းအလွန် အကျွံသုံးထားတော့ တချို့အရာတွေက မေးလို့မရဘူးဖြစ်တယ် သူ အားလုံး မသိတော့ဘူး။ သူလည်း ဝန်ခံတယ်ဗျ ဆေးကတော့ တော်တော်လေး သုံးတယ်။ ဆေးကတော့ အကြိုက်သုံး အမုန်းသုံးပေါ့။ ဆေးသုံးပြီးမှပဲ ထိုးစစ်တွေ ဆင်ခိုင်းတာတွေ တောက်လျှောက်လုပ်တယ်ဗျ” ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ ကိုထွန်းနိုင်က ပြောဆိုသည်။
ညီအစ်ကို ၂ ဦးပြန်လည် ဆုံဆည်းချိန်တွင် ဒဏ်ရာများရနေသည့် စစ်သုံ့ပန်း စစ်သားအကိုဖြစ်သူကို ညီဖြစ်သူ တော်လှန်ရေး ရဲဘော် ကိုကျော်ယံက ပြုစုပေးပြီး ညီဖြစ်သူမှာ ပြုံးပျော်နေသော်လည်း အစ်ကိုဖြစ်သူမှာ မူးယစ်ဆေးများ အလွန်အကျွံ့သုံးစွဲထားခြင်း၊ ရိက္ခာပြတ်လပ်မှုကြောင့် အာဟာရချို့တဲ့ခြင်း၊ စိတ်ပုံမှန် မဟုတ်သည့်အနေအထားများကို မြင်တွေ့နေရသည်။
“သူတို့ တောင်ခမ်းမှာ ရိက္ခာတွေကို စစ်တပ်က လေယာဉ်နဲ့ လာချပေးတယ်။ အဲဒါ အထုပ်တွေကို စစ်သားနဲ့ အရာရှိတွေကို ၀ိုင်းလုကြတာမှာ အရာရှိတွေပဲ ရိက္ခာရတယ်။ စစ်သားတွေကျတော့ မရဘူးလို့ ပြောတယ်။ အကိုဖြစ်တဲ့ စစ်သားက စိတ်က ပုံမှန်အခြေအနေ မရှိသေးဘူး” ဟု ဓနုပြည်သူ့လွတ်မြော်ကရေး တပ်ဦးမှ ကိုထွန်းနိုင်က အခြေအနေကို ရှင်းပြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar