25 C
Yangon

သာယာဝတီခရိုင် ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ အထိနာသော စစ်တပ်က စင်မြင့်ရွာရှိ နေအိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီး

Must read

သာယာဝတီခရိုင် ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ အထိနာသော စစ်တပ်က စင်မြင့်ရွာရှိ နေအိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင်ရှိ ပဲခူးရိုးမ အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး အထိနာသော စစ်တပ်က စင်မြင့်ရွာရှိ နေအိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အုတ်မြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ချောင်းဂေါင်းအုပ်စု၊ စင်မြင့်ရွာအနီး၌ အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာ စစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးကာ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေး ရဲဘော် ၁ ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူပိုင် ကား ၂ စီးကို ချောဆွဲ၍ ထန်းပင်ကုန်းရွာကို ရောက်ရှိလာပြီး စင်မြင့်ရွာမှ နေအိမ် ၁၆ လုံးကို မီးရှို့ ဖျက်ဆီးကာ တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားအလောင်းများနှင့် ဒဏ်ရာရသူများကို ပြန်လည် ခေါ်ဆောင်သွားကြောင်း သိရသည်။

“ထန်းပင်ကုန်းကနေ တက်လာတဲ့ စစ်ခွေးတွေနဲ့ စင်မြင့်ရွာနားမှာ တိုက်ပွဲဖြစ်တာ နာရီဝက်လောက်ကြာတယ်။ သူတို့ဘက်က လက်နက်ကြီးတွေရော စက်လက်နဲ့ပါ ဆက်တိုက်ပစ်ပေမယ့် နယ်မြေကျွမ်းကျင်တဲ့ ကျွန်တော်တို့ဘက်က အပေါ်စီးက ဆော်တာကြောင့် စစ်ခွေး ၆ ကောင်သေပြီး ၁၅ ကောင် ဒဏ်ရာရပါတယ်။ စစ်ကြောင်း တဝက်လောက်ပြုတ်သွားပြီး အထိနာသွားလို့ ခမရ၆ ကို စစ်ကူခေါ်တာသိလို့ ကျွန်တော်တို့ ပြန်ဆုတ်ရင်း စစ်ခွေးတွေ ပစ်တဲ့ လက်နက်ကြီးစမှန်လို့ ရဲဘော် ၁ ဦး ဒဏ်ရာရပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဆက်လက်၍လည်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လူသားဒိုင်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခြင်း၊ မော်တော်ယာဥ်များအား ချောဆွဲခြင်းများ ပြုလုပ်နေ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများအနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က အသိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article