မြစ်သားတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၃ ဦး အပါအဝင် ၄ ဦး သေဆုံး
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်းမှ တပ်ရင်းမှူး ဆရာလေးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် မြစ်သားမြို့မှ ယစ်ကန်ရဲစခန်းသို့ ထွက်လာသော ကား ၂ စီးနှင့် ဆိုင်ကယ် ၅ စီးပါ ယာဉ်တန်းကို မြစ်သားမြို့နယ်၊ ဝက်ထိန်းကျေးရွာနှင့် မကျည်းကန်ကျေးရွာ အကြားအရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦး အပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးပြီး ၆ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“စစ်မှုထမ်းပေါ်တာလာဆွဲမယ် သတင်းရလို့ မိုင်းထောင်ပြီး ကြိုစောင့်နေတာ ထွက်မလာတော့ ကတ္တရာလမ်းပေါ်မှာတင်ပြီး အသံမိုင်း ၃ လုံး အရင်ခွဲလိုက်တယ်။ ယစ်ကန်စခန်းမှူးက မြစ်သားကို အစည်းအဝေးသွားတက်လား မသိဘူး။ သူအပါအဝင် ကား ၂ စီး၊ ဆိုင်ကယ် ၅ စီးနဲ့ထွက်လာတာ စခန်းမှူးကားနဲ့ ဆိုင်ကယ် ၂ စီးနဲ့က နောက်မှာကျန်ခဲ့တယ်။ ကားနဲ့ ဆိုင်ကယ် ၃ စီးက ရှေ့ပြေး တက်လာတာ မိုင်းကွင်းထဲ ကွက်တိရောက်လာတဲ့အချိန် မိုင်းဆွဲလိုက်တာ နယ်ထိန်းအပါအဝင် အရာရှိ ၃ ဦးနဲ့ စုစုပေါင်း ၄ ဦးသေတယ်။ ဆိုင်ကယ် ၃ စီးပေါက်က ၆ ဦးကတော့ ဆိုင်ကယ်ရော လူရော တခါတည်းပဲ လဲကျမှောက်သွားတာ သေတဲ့အရေအတွက်ကတော့ အတည်ပြုလို့ရတယ်။ ဒဏ်ရာရတဲ့သူတွေက မြစ်သားဆေးရုံမှာ တင်ထားတယ်လို့ပဲ သတင်းရသေးတယ်။ နောက်ဆက် တွဲသေမသေတော့အတည်ပြုလို့မရသေးဘူး” ဟု ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်းမှ တပ်ရင်းမှူး ဆရာလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်းခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ဖွဲ့၊ Myingyan 35 Local တပ်ဖွဲ့ နှင့် အောင်သပြေညီနောင် (ကျောက်ဆည် Local PDF) တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ကရင်နီပြည်တွင် မိုင်းဆွဲခံထားရသော အကြမ်းဖက်စစ်တပ်၏ စစ်ကား ၁ စီး။ (ပုံအဟောင်းဖြစ်ပါသည်။)