ရန်ကုန်၊ ဖေဖော်ဝါရီ ၇
ဧရာဝတီတိုင်းအတွင်း AA ၏ ထိုးစစ်ကို အကြမ်းဖက် စစ်တပ်က ကြောက်လန့်နေ၍ တိုင်းအစိုးရရုံး၊ တပ်ရင်းနှင့် ရဲစခန်းများတွင်ပါ ခံစစ်ပြင်ဆင်နေကြောင်း ဧရာ၀တီတိုင်းစစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းအသိုင်းအ၀ိုင်းနှင့်ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ပုသိမ်မြို့ တိုင်းအစိုးရ ရုံးဝင်းအတွင်းရှိ အဝင်ဂိတ်များတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဘန်ကာ အသစ်ဆောက်လုပ်ထားပြီး သဲအိတ်များ အထပ်ထပ်ကာရံထားကြောင်း၊ ယင်း ဘန်ကာများပေါ်တွင် သေနတ်တင် ပစ်နိုင်သော နေရာတစ်ခုသာ အလွတ်ထားပြီး နေရာအားလုံးကို ပိတ်ဆို့ ကာရံခြင်းများ လုပ်ဆောင်နေကြောင်း၊ တိုင်းရဲတပ်ဖွဲ့ရုံးတွင်လည်း ရဲမှူးကြီး တင်ဇော်ထွန်း၏ ညွှန်ကြားချက်ဖြင့် စခန်းပတ်လည် ကတုတ်ကျင်းများ၊ ဘန်ကာများ၊ ဗုံးခိုကျင်းများဖြင့် ခံစစ်များ ပြင်ထားကြောင်း သိရှိရသည်။
ပုသိမ်မြို့နယ် ရွာသစ်ကုန်းနှင့် စမ်းမြိုင်ကျေးရွာအနီးရှိ အမှတ် ၉၀၇ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွင်လည်း တပ်အဝင်လမ်းဘေးနှင့် တပ်ဝင်း ပတ်လည်၌ ခြံစည်းရိုးများကာရံပြီး ကတုတ်ကျင်းများတူးကာ ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။
အလားတူ ကျောင်းကုန်းမြို့ ရဲစခန်းတွင်လည်း ရဲမှူးအောင်နိုင်ဦး ညွှန်ကြားချက်ဖြင့် စခန်းပတ်လည်အတွင်း ဘိလပ်မြေအိတ်အတွင်း မြေကြီးများထည့်၍ အထပ်ထပ်ကာရံပြီး ဘန်ကာများ ၁၀ ခုထက်မနည်း ဆောက်လုပ်ကာ ကျောင်းကုန်းတံတားပေါ်တွင် ဘန်ကာအကြီး ၂ ခု ပြုလုပ်ထားကြောင်း၊ တံတားကို ဖြတ်သန်းသွားလာသော ကား၊ ဆိုင်ကယ်များကို ရဲတပ်ကြပ်ကြီး ၁ ဦး ၊ ရဲတပ်သား ၁ ဦးနှင့် အရပ်ဝတ် ၁ ဦးတို့က စစ်ဆေး ငွေတောင်းမှုများ နေ့စဉ် ပြုလုပ်ကာ ညဘက်တွင်လည်း တံတားအဆင်း၌ ကင်းပုန်းများ ချထားကြောင်း သိရှိရသည်။
ထို့ပြင် သာပေါင်းမြို့နယ်၊ စက္ကူစက်ရုံမှ ဝန်ထမ်းများကိုလည်း ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ အကြမ်းဖက် စစ်တပ်က ပြည်သူ့စစ် (ဌာနေ) အဖွဲ့အဖြစ် အရေးပေါ်ဖွဲ့စည်းပြီး အခြေခံ စစ်ပညာသင်တန်းများ စတင်ဖွင့်လှစ်သင်ကြား ပေးနေကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်လည်း အနန်းကုန်းကျေးရွာကို စစ်သား အင်အား ၁၀၀ ကျော်ခန့် ရောက်ရှိလာပြီးကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း၊ အုပ်ချုပ်ရေးမှူးများကလည်း ပြည်သူများ ည ၆ နာရီ နောက်ပိုင်း အပြင်မထွက်ရန် နှုတ်မိန့်ဖြင့် ညွှန်ကြားနေကြောင်း သိရသည်။
သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာဘက်မှ ဖေဖော်ဝါရီ ၅ ရက်နေ့ ညပိုင်းတွင် ကုန်တင်ကား ၁ စီးဖြင့် ဒဏ်ရာရ ရဲ အများအပြား သယ်ဆောင်လာပြီး မကျီးဇင်-သာပေါင်း-လမ်းပိုင်းမှ ပုသိမ်မြို့ အမှတ် ၄ စစ်မြေပြင်ဆေးတပ်ရင်းကို ပို့ဆောင်လိုက်ကြောင်း၊ အလားတူ ရွှေသောင်ယံ ရဲစခန်းမှ ရဲ ၃ ဦးသည်လည်း သပေါ့ကန်တောထဲတွင် ကင်းစောင့်နေစဉ် စစ်သားများ ထောင်ထားသည့် မိုင်းနင်းမိပြီး ၃ ဦးလုံး ဒဏ်ရာရရှိကာ ပုသိမ်မြို့ အမှတ် ၄ စစ်မြေပြင်ဆေးတပ်ရင်းတွင် ဆေးကုသမှုခံယူနေကြောင်းသိရှိရသည်။
“ခံစစ်ကတော့ စစ်ခွေးတွေရှိတဲ့ နေရာတိုင်းမှာကို ပြင်ဆင်နေတာ ဘန်ကာတွေက အရင်လို သဲအိတ် နည်းနည်းလေးမဟုတ်တော့ဘူး။ အထပ်ထပ်ကိုကာထားတာ ဒဏ်ရာရ ရဲတွေနဲ့ စစ်သားတွေလည်း အမှတ် ၄ စစ်မြေပြင်ဆေးတပ်ရင်းကို တောက်လျှောက်ပို့နေတယ်။ လူမသိသူမသိလည်းပို့တယ်။ ကုန်တင်ကားတွေနဲ့ လာပို့တယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်ကပြောဆိုသည်။
ဓာတ်ပုံ – စစ်မှုထမ်းတပ်သားသစ်များကို ပို့ချနေသည့် စစ်ရေးသင်ခန်းစာတစ်ခုမြင်ကွင်း။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/475868988_985486040345669_7814375539911922986_n.jpg)