ရန်ကုန်၊ ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင်အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း စာရင်းတွင် ပါဝင်သည့် လူငယ် ၁ ဦး ကြိုးဆွဲချ၍ မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သေဆုံးသူ၏မိဘများနှင့်ရင်းနှီးသော မိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၇ နာရီကျော်အချိန် ရွှေညောင်မြို့ ၊ စလီဗာတုံး စက်ရုံအနီးရှိ ညောင်ပင်တွင် စစ်မှုထမ်းဆင့်ခေါ်ခံရသည့် အသက် ၁၉ နှစ်အရွယ် လူငယ်က မိမိကိုယ်ကို ဆွဲကြိုးချ သတ်သေမှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ သေဆုံးသွားသော လူငယ်သည် စစ်မှုထမ်း အပတ်စဉ် ၁၀ အတွက် တပ်သားသစ် ဆင့်ခေါ်ခံထားရသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် သတင်းပို့၍ စစ်သင်တန်းကျောင်းသွားရမည်ဖြစ်ကြောင်း သိရသည်။
“သေဆုံးသွားတဲ့ ကလေးက စစ်မှုထမ်း စာရင်းမှာပါလို့ ဆင့်ခေါ်ခံထားရတာ။ ၁၅ ရက်နေ့ သွားရမယ်။ မသွားခင် မိဘရော သူရော စိတ်ညစ်နေကြရင်း ဖြစ်သွားတာ” ဟု သေဆုံးသူလူငယ်၏ မိဘနှင့် ရင်းနှီးသူက ပြောဆိုသည်။
ထိုသို့ စစ်မှုထမ်းဆင့်ခေါ်ခံရမှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သော လူငယ်၏ သတင်းကို ပြင်ပတွင် ပြောဆိုခြင်းမပြုရန်၊ လူငယ်သည် စစ်မှုထမ်းခိုင်းခြင်းကြောင့်မဟုတ်ဘဲ စိတ်ကျန်းမာရေးမကောင်းမွန်ခြင်း(သို့မဟုတ်) အကြောင်းအရာတစ်ခုခုကြောင့် သတ်သေခြင်းဖြစ်သည်ဟု ပြောဆိုရန် စစ်တပ်နှင့် မြို့အုပ်ချုပ်ရေးအဖွဲ့များက ကျန်ရစ်သူ မိဘဆွေမျိုးများကို ဖိအားပေးကြောင်း သိရှိရသည်။
“စစ်မှုထမ်းခိုင်းလို့ သတ်သေတာမဟုတ်ဘူးလို့ မိသားစုတွေကို ရပ်ကွက်လူကြီးတွေက ပြောခိုင်းတယ်။ အဲဒီတော့ မိသားစုက ဖုန်းဝယ်ဖို့ ပိုက်ဆံမပေးလို့ ကလေးက သတ်သေတာလို့ အပြင်မှာ သတင်းပြန်လွှင့်ရတယ် ” ဟု အဆိုပါရင်းနှီးသူက ဆိုသည်။
တောင်ကြီးမြို့နယ်တွင် စစ်မှုထမ်းရန်အတွက် အမျိုးသားလူငယ်များသာမက အမျိုးသမီးများကိုပါ စာရင်းကောက်ယူနေသည့်အတွက် ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar