ရန်ကုန်၊ ဖေဖော်ဝါရီ ၇
ရန်ကုန်တိုင်းတွင် တစ်ရပ်ကွက်လျှင် လူငယ် ၃ ဦးနှုန်းဖြင့် မြို့နယ်တစ်ခုလျှင် တစ်လ အနည်းဆုံး စစ်မှုထမ်းတပ်သား ၇၀ ဦး စုဆောင်းထားရန် သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်က ညွှန်ကြားလာကြောင်း ကမာရွတ်မြို့နယ်စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့ နှင့်တိုက်ရိုက်ပတ်သက်နေရသည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၀ မှစတင်၍ မြို့နယ်တစ်ခုလျှင် အနည်းဆုံး စစ်မှုထမ်းမည့် တပ်သားသစ် လူငယ် ၇၀ ဦး စုဆောင်းထားရန်နှင့် တစ်ရပ်ကွက်လျှင် လူငယ် ၃ ဦးနှုန်းဖြင့် လစဉ် အလှည့် ပုံမှန် စစ်မှုထမ်းခေါ်ယူရန် ညွှန်ကြားလာကြောင်း သိရှိရသည်။
” တစ်ရပ်ကွက်ကို လူဦးရေ ၃ ဦးနှုန်းနဲ့ မြို့နယ်တစ်ခုကို လူဦးရေ ၇၀ ဦးနှုန်း စုဆောင်းထားဖို့။ အနီးကပ်မှ စုဆောင်းတာမျိုးမလုပ်ဘဲ ကြိုတင်ပြင်ဆင်ပြီး ရှေ့လာမယ့် စစ်မှုထမ်းအပတ်စဉ်တွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့။ ငွေကြေး တောင်းယူတာတွေနဲ့ ငွေညှစ်တာတွေကို မလုပ်ဖို့။ အဲဒါတွေကို ထိထိရောက်ရောက် အရေးယူမယ်ဆိုတာမျိုး ညွှန်ကြားလာပါတယ်” ဟု ကမာရွတ်မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် တိုက်ရိုက်ပတ်သက်နေသည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လတ်တလော ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၅၂ ရပ်ကွက်တွင် ညစဉ်ညတိုင်း အုပ်ချုပ်ရေးမှူး ခင်ဇော်ဝင်း၊ PPP ပါတီမှ အမတ်လောင်း ပြုတ် ညီညီဦး၊ ရာအိမ်မှူး မောင်ဝင်း၊ စာရေးမ မိထက်ထက်တို့က လူငယ်များကို စစ်မှုထမ်းရန်အတွက် ဧည့်စာရင်းစစ်သည်ဟုဆိုကာ ဝင်ရောက်ဖမ်းဆီးလျက်ရှိရာ ယနေ့အထိ လူငယ် ၃၀ ကျော် ဖမ်းဆီးခံထားရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
” ညတိုင်းညတိုင်း စစ်တပ်ရဲတွေခေါ်ပြီး။ ဧည့်စရင်းစစ်ပါတယ်။ ဧည့်စာရင်းစစ်ရင်းနဲ့ လူငယ်တွေနဲ့ အရွယ်ရောက်ပြီးသားတွေကို တစ်ခါတည်း ဖမ်းပြီး စစ်တပ်လက်ထဲအပ်တာ။ အခု လူငယ် ၃၀ ကျော်ပြီ။ ညတိုင်း ဧည့်စာရင်းစစ်ပြီး လူငယ်တွေကို ဖမ်းနေတာ။ မိဘတွေကတော့ ညတိုင်းငိုနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ရန်ကုန်တိုင်းသည် စစ်မှုထမ်းတပ်သားသစ်များကို လိုအပ်သည့်အရေအတွက်ထက် များစွာ စုဆောင်းနိုင်သည့်နေရာဖြစ်ပြီး စစ်မှုထမ်းတပ်သားသစ်များ ရရှိရန် အဓိက ရှာဖွေနိုင်သည့်နေရာလည်းဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တပ်က ရန်ကုန်မြို့တွင် စစ်မှုထမ်းတပ်သားသစ်များ ကြိုတင်စုဆောင်းထားရှိရန် ညွှန်ကြားချက်များ ထွက်ရှိလာခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ်စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့ နှင့်တိုက်ရိုက်ပတ်သက်နေရသည့် သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။
ဓာတ်ပုံ – ရန်ကုန်တွင် ကင်းလှည်နေ့သည့် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- AP ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar