မန္တလေးရှိ ပုဂ္ဂလိက ဆေးရုံ ၇ ခုကို စစ်တပ်က ဝင်ရောက် စစ်ဆေးပြီး CDM ကျန်းမာရေးဝန်ထမ်းများ လက်ခံသည်ဟုဆိုကာ ပိတ်သိမ်း အရေးယူရန် ပြင်ဆင်နေဟုဆို
မန္တလေးမြို့ရှိ ပုဂ္ဂလိက ဆေးရုံ ၇ ခုကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စစ်ဆေးပြီး CDM ဆရာဝန်များ လက်ခံသည်ဟုဆိုကာ စစ်ကောင်စီက ပိတ်သိမ်းအရေးယူရန် ပြင်ဆင်နေကြောင်း မန္တလေးကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မန္တလေးမြို့ရှိ ပန်းလှိုင်ဆေးရုံကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝင်ရောက်စီးနင်းခဲ့ပြီး ဆေးရုံဝင်ပေါက် ထွက်ပေါက်များကို ပိတ်ဆို့၍ CDM အရိုးအထူးကု ဆရာဝန် တစ်ဦးကို ရှာဖွေခဲ့ကြောင်း
အရိုးအထူးကု ဆရာဝန်သည် တာဝန်ချိန် ပြီးဆုံး၍ စစ်ကောင်စီ တပ်သားများမရောက်မီ ဆေးရုံများ ထွက်ခွာသွားကြောင့် ဖမ်းဆီးမိခဲ့ခြင်း မရှိကြောင်း၊ စစ်ကောင်စီ တပ်သားများက ၎င်းတို့ ရှာဖွေသောသူကို မတွေ့ရှိသောကြောင့် ဆေးရုံအတွင်းရှိ ဆရာဝန်များ၏ ကိုယ်ရေး အချက်အလက်ကို ကြည့်ရှု့ခဲ့ကြောင်း၊ ထို့နောက် CDM ဝန်ထမ်းများကို လက်ခံသည်ဟု စွပ်စွဲ၍ ဆေးရုံကို ပိတ်သိမ်းခိုင်းသွားကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က မန္တလေးမြို့အတွင်းရှိ ပန်းလှိုင်ဆေးရုံ၊ မြတ်ချယ်ရီဆေးရုံ၊ မြတ်ဝေလျှံဆေးရုံ၊ မင်္ဂလာမျိုးဆက်ဆေးရုံ၊ လန်ဒန်ဆေးရုံ၊ ဇီဝကဆေးရုံနှင့် ငြိမ်းချမ်းဆေးရုံ စုစုပေါင်း ပုဂ္ဂလိက ဆေးရုံ ၇ ခုကို ပိတ်သိမ်းခိုင်းနေကြောင်း သိရသည်။
” ဖေဖော်ဝါရီလ ၇ ရက်နေ့က စခတွေ ပန်းလှိုင်ဆေးရုံကို ဝင်စစ်တယ်။ သူတို့စစ်ဆေးတာက CDM အရိုးအထူးကု ဆရာဝန် ရှိနေကြောင်းသတင်းအရ ဝင်ရောက်စစ်ဆေးတာလို့ သိရတယ်။ သူတို့ ဝင်လာကတည်းက အဝင်အထွက် ပိတ်ပြီး စစ်ပါတယ်။ နောက်ပြီး စခတွေက ဆေးရုံက ကွန်ပျူတာတွေလည်း စစ်ဆေးသွားတယ်။ အားလုံးစစ်ဆေးပြီးလို့ ပိတ်ရမယ်ဆိုပြီး အမိန့်ပေးတာ” ဟု မန္တလေး ကျန်းမာရေးအသိုင်းအ၀ိုင်းမှ သတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော ဆေးရုံများ၏ လိုင်စင်သက်တမ်းများကို စစ်ကောင်စီက စိစစ်နေပြီး ဆေးရုံများ မပိတ်ရန်အတွက် ဆေးရုံပိုင်ရှင်များဘက်က တင်ပြထားကြောင်း၊ ဆေးရုံပိုင်ရှင်တချို့က စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းနိုင်ရန်လည်း ကြိုးပမ်းနေကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီသည် CDM များကို အလုပ်ခန့်ခြင်းနှင့် တော်လှန်ရေးတွင် ပါဝင်ဆိုသော စွပ်စွဲချက်ဖြင့် မန္တလေးမြို့ရှိ နန်းတော်ဆေးရုံ၊ မြို့တော်ဆေးရုံနှင့် ကံ့ကော်ဆေးရုံတို့၏ လိုင်စင်များလည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ပယ်ဖျက်ခဲ့ကြောင်း၊ စစ် အာဏာသိမ်းပြီးနောက် ၄ နှစ်တာအတွင်း စစ်တပ်က CDM ကျန်းမာရေး ဝန်ထမ်း ၁၃၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
![](https://yktnews.com/wp-content/uploads/2025/02/476806061_986838023543804_7240200006378309780_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476427726_986838270210446_1737262393191753178_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476437280_986838050210468_5969294984720179676_n.jpg)