26 C
Yangon

မြ၀တီတွင် ပါကစ္စတန်နိုင်ငံသား ၅ ဦး ထက်မနည်း တရုတ်ကျားဖြန့်ဂိုဏ်း၏ ပိတ်လှောင် ညှဉ်းပန်းခံနေရ၍ ကူညီကယ်တင်ပေးရန် အကူ အညီတောင်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ BGF ထိန်းချုပ်ထားသော ကျောက်ခတ်ဒေသတွင် ပါကစ္စတန်နိုင်ငံသား ၅ ဦးထက်မနည်းသည် တရုတ်ကျားဖြန့်ဂိုဏ်း၏ ပိတ်လှောင်နှိပ်စက် ညှဉ်းပန်းခံနေရ၍ ကူညီကယ်တင်ပေးရန် အကူအညီ တောင်းလာကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ လူမှုကူညီရေးဆောင်ရွက်နေသူတချို့က ပြောဆိုသည်။

စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်က မြ၀တီမြို့နယ်၊ ကျောက်ခတ်ဒေသတွင် ကျားဖြန့် ဂိုဏ်းများ အခြေ ပြုသောဇုန်အသစ်တချို့ တည်ဆောက်နေပြီး ယင်းနေရာတွင် ပါကစ္စတန်နိုင်ငံသား ၅ ဦးထက်မနည်းမှာ လူကုန်ကူးခံထားရကြောင်း၊ အတင်းအကျပ် အလုပ်အခိုင်းခံနေရပြီး ကျားဖြန့်ဂိုဏ်းများက သတ်မှတ်သော ငွေကြေးပမာဏကို လိမ်လည် ရယူပေးနိုင်ခြင်းမရှိသဖြင့် ကယ်ဆယ်ပေးရန် အဆင့်ဆင့် အကူအညီတောင်းခံလာကြောင်း သိရှိရသည်။

“ကျနော်တို့ဆီရောက်တဲ့အချိန်မှာ အချိန်က ၂ လလောက်ရှိနေပြီ။ ကျောက်ခတ်ဘက်မှာ လူကုန်ကူးခံထားရတယ်။ ကျားဖြန့်ဂိုဏ်းက သူတို့ကို ဖမ်းပြီး ငွေလိမ်ခိုင်းတာ။ သတ်မှတ်ငွေပမာဏ မရတော့ အမျိုးမျိုးနှိပ်စက် ညှဉ်းပန်းခံနေရတယ်။ ဓာတ်ပုံတွေ ပို့ပြီး အကူအညီတောင်းတာ။ အခုတော့ ရှိသေးလား၊ သေသွားပြီလားတော့မသိဘူး။ ဓာတ်ပုံတွေအရတော့ အတော်ကို ညှဉ်းပန်းနှိပ်စက်ခံထားရတယ်” ဟု ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်ဘက်ခြမ်းမှ လူမှုကယ်ဆယ်ရေးလုပ်သူက ဆိုသည်။

အဆိုပါ ပါကစ္စတန်နိုင်ငံသားများ၏ အကူအညီတောင်းခံမှုကိုလည်း ထိုင်းအရာရှိများကလည်း ရရှိထားပြီး ကယ်ဆယ်နိုင်ရေး အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီရှိ ကျားဖြန့်ဇုန်နေရာများတွင် မြန်မာနိုင်ငံဘက်မှ ဆော့ဝဲအင်ဂျင်နီယာတချို့နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာများ အလုပ်လုပ်နေကြပြီး မြန်မာနိုင်ငံသားများကိုမူ နှိပ်စက်မှုမရှိကြောင်း၊ မြန်မာများမှာ လွတ်လပ်စွာ သွားလာနိုင်ပြီး ညှဉ်းပန်းနှိပ်စက်ခံရသူများမှာ တရုတ် အပါအဝင် နိုင်ငံခြားသားများ ဖြစ်ကြောင်း၊ ကျားဖြန့်ဇုန်နေရာများမှာ မြို့တော်တစ်ခု၊ နိုင်ငံတစ်ခုကဲ့သို့ လိုချင်တာ အကုန်ရရှိစေရန် ဖန်တီးထားကြောင်း ယင်းကျားဖြန့်ဇုန်နေရာတွင် အလုပ်လုပ်ခဲ့ပြီး လွန်ခဲ့သော ရက်ပိုင်းကမှ ပြန်လည် ထွက်လာသူ မြန်မာတစ်ဦးက ရှင်းပြသည်။

“တရုတ်လူမျိုးက မရှိဘူးဆိုရင် ၁ သိန်းလောက်ရှိမယ်။ ဧက ၅၀ ဝင်းထဲမှာကို မြို့တော်ကြီးလိုလုပ်ထားတာ။ အလုပ်လုပ်နေတာက မြန်မာနိုင်ငံသား ၃၀ ရာခိုင်နှုန်းလောက်တော့ရှိတယ်။ မြန်မာတွေကတော့ ဆောက်လုပ်ရေးလုပ်သားနဲ့ အင်တာနက်ဆော့ဝဲလ် အင်ဂျင်နီယာတွေ များတယ်။ မြန်မာတွေကိုတော့ ရိုက်နှက်တာမရှိဘူး။ အဓိက ရိုက်တာက နိုင်ငံခြားသားတွေကိုရိုက်တာ။ လျှပ်စစ်ရှော့ခ်တုတ်တွေ၊ ကြာပွတ်တွေနဲ့ရိုက်နှက်တယ်။ ရိုက်ရင်းနဲ့သေသွားတာတွေလည်း တွေ့ဖူးတယ်။ အဲဒီအထဲမှာ လောင်းကစားရုံ၊ KTV၊ အနှိပ်ခန်း ဖာခန်း၊ စားသောက်ဆိုင်၊ Super Market ၊ ငွေလဲစင်တာ အစုံရှိပါတယ်” ဟု အဆိုပါ မြန်မာကရှင်းပြသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ ထိုင်းနိုင်ငံက လောင်စာဆီနှင့် လျှပ်စစ်မီးများ ဖြတ်တောက်မှုကြောင့် ကျားဖြန့် လုပ်ငန်း ၄၀ ရာခိုင် နှုန်းနီးပါး ထိခိုက်သွားပြီး မီးစက်၊ ဆိုလာလျှပ်စစ်မီး နှင့် စတားလင့်ဂြိုလ်တုများဖြင့် လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေဆဲဖြစ်ကြောင်း၊ မြ၀တီမြို့မှ ကျားဖြန့်တချို့ ဘုရားသုံးဆူသို့ ရွှေ့ပြောင်းမှုများရှိပြီး လူကုန်ကူးခံရသူများပါ တစ်ပါတည်း BGF နှင့် DKBA ၏ကားများဖြင့် ပြောင်းရွှေ့ပေးကြောင်း ပြောဆိုသည်။

“လုပ်ငန်းတွေကတော့ စပြီး ထိခိုက်နေတယ်။ အရင်နေ့ရောညပါ လုပ်တာ။ အခုကတော့ နေ့ဘက်ကို ဦးစားပေးလုပ်ပြီး ညပိုင်းကိုတော့ အဆိုင်းတွေ လျှော့တယ်။ ဘုရားသုံးဆူဘက်လည်း တရုတ်တွေနဲ့ အလုပ်သမား(လူကုန်ကူးခံရသူများ) တွေ ကားတွေနဲ့ ရွှေ့တာလည်းရှိတယ်” ဟု အဆိုပါ မြန်မာကဆိုသည်။

ကျားဖြန့် လုပ်ငန်းဇုန်များတွင် လူကုန်ကူးခံလာရသော အလုပ်သမားများအပေါ် ညှဉ်းပန်းနှိပ်စက်မှုများမှာ ဆိုရှယ်မီဒီယာနှင့် ပြင်ပမှ လူများ သိရှိထားသည်ထက် ပိုမို ဆိုးရွားကြာင်း၊ ယင်းဇုန်များတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများကို မိမိနှင့် မဆိုင်လျှင် ဝင်မပါရန်၊ ပြင်ပသို့ သတင်းပေါက်ကြားမှုမရှိရန် BGF က အဓိက ခြိမ်းခြောက်ကြောင်း သိရှိရသည်။

“အခု ဆိုရှယ်မီဒီယာပေါ်တက်နေတဲ့ ကျင်စက်နဲ့ရိုက်တာနှက်တာ ဗီဒီယိုတွေထက်ကို အထဲမှာ ပိုဆိုးတယ်။ ထွက်ပြေးလို့ ပြန်မိရင် အရိုးတွေ ကျိုးသွားတဲ့အထိ ရိုက်ပြီး မြေအောက်ခန်းထဲမှာ လက်ထိပ်၊ သံကြိုးခတ်ပြီး ပစ်ထားတာ။ သေသွားတဲ့လူတွေလည်း အများကြီးပဲ။ သတ်မှတ်ထားတဲ့ ငွေပမာဏ မရရင် ထမင်းမကျွေးဘဲ ၂ ပတ် တိုက်ပိတ်ထားတာ၊ တစ်ကိုယ်လုံးချွတ်ပြီး အမှောင်ခန်းထဲ ပိတ်ထားတာ။ လက်ဆစ်တွေကို တူနဲ့ ထုပြီး ရိုက်ချိုးတာ အဲဒါမျိုးတွေလုပ်တာ။ အဲဒီအထဲမှာ လူအချင်းချင်း ပြန်ရောင်းတာလည်းရှိတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ တရုတ်မလေးတွေဆိုရင် အသက် ၁၅ နှစ်ကနေ အသက် ၅၀ လောက် အထိ ရောင်းစားခံထားရတာရှိတယ်။ အဲဒီမိန်းကလေးတွေက ဖာတန်းရောက်ပဲ။ နောက်တစ်ခုက လိုင်းပေါ်ကနေ တိုက်ရိုက် ကောင်မလေးငယ်ငယ်လေးတွေကို လိင်ဆက်ဆံပြပြီး ငွေလိမ်လို့ရမယ့် လူခေါ်တာတွေကိုလည်း လုပ်တယ်။ တကယ့်ငရဲပဲ” ဟု ၎င်းက ရှင်းပြသည်။

ကျားဖြန့် လုပ်ကိုင်ကြသော တရုတ်များမှာ မြန်မာမှတ်ပုံတင်နှင့် မြန်မာပတ်စ်ပို့စ်၊ ထိုင်းနိုင်ငံ တောင်ပေါ်သားကတ်များနှင့် တရုတ်နိုင်ငံသားမှတ်ပုံတင်များ ရှိကြပြီး အဆိုပါ မှတ်ပုံတင်များဖြင့် လိုအပ်သလို ထိုင်း-မြန်မာနယ်စပ်ဘက်သို့ ဝင်ထွက်သွားလာ ကြကြောင်း သိရှိရသည်။

(မြ၀တီတွင် BGF နှင့် ကျားဖြန့် ဂိုဏ်းများ၏ ပိတ်လှောင်ညှဉ်းပန်း နှိပ်စက်ခံရနေသည့် ပါကစ္စတန်နိုင်ငံသားများနှင့်ပတ်သက်သော အချက်အလက်များကို Facebook ၏ Community Standard အရ ဖော်ပြ၍ မရပါသဖြင့် ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် အပြည့်အစုံ သွားရောက်ကြည့်ရှုနိုင်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article