31 C
Yangon

လှိုင်မြို့နယ်၊ တပ်ထိန်းတပ် လုံခြုံရေးဂိတ်ပေါက်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်က ပိတ်ဆို့ စစ်ဆေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အစပ်ရှိ တပ်ထိန်းတပ် လုံခြုံရေးဂိတ်ပေါက်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်တပ်က ပိတ်ဆို့ စစ်ဆေးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီ ၁၉ မိနစ်အချိန် လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ် အစပ် ဘုရင့်နောင်လမ်းနှင့် ပါရမီ လမ်းထောင့်ရှိ တပ်ထိန်းတပ်၏ လုံခြုံရေး ဂိတ်ပေါက်၀ကို Yangon UG People Army -YUPA နှင့် မဟာမိတ် မြောက်ဥက္ကလာ ပကဖ တပ်ဖွဲ့ ၂ တို့ပူးပေါင်း၍ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း YUPA အဖွဲ့က သတင်းထုတ်ပြန်သည်။

“မနေ့ ည ၈ နာရီ ၃၀ မိနစ်လောက်ကနေ ည ၉ နာရီလောက်အထိ တပ်ထိန်းတပ် ဂိတ်ပတ်ဝန်းကျင်မှာ စစ်တပ်ရော ရဲရော လာစစ်တယ်။ အဲဒီနားက လူလည်းပြတ်တော့ ပိတ်ဆို့ စစ်ဆေးမှုလုပ်တာတွေ့ရတယ်။ ပေါက်ကွဲမှု ဖြစ်တဲ့အသံတော့ မကြားမိဘူး။ ည ၉ နာရီကျော်လောက်မှာတော့ တပ်ရော ရဲရော မတွေ့ရတော့ဘူး” ဟု ပါရမီလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့တွင် အခြေစိုက်ထားသော YUPA က မြို့ပြမစ်ရှင်များကို အရှိန်မြှင့်လုပ်ဆောင်မည် ဖြစ်ပါသော​ကြောင့် ပြည်သူများ အနေဖြင့် စကစ များရှိသော နေရာများကို ရှောင်ရှားသွားလာကြပါရန် မေတ္တာရပ်ခံထားသည်။

ယမန်နေ့ ရန်ကုန်မြို့တွင် ယခင်ထက်ပို၍ လုံခြုံရေးများ များပြားခဲ့ပြီး ရွှေပြည်သာ၊ လှိုင်သာယာနှင့်မြို့လယ်ခေါင် မြို့နယ်တချို့တွင် စစ်တပ်က ဧည့်စာရင်းစစ်မှုများကို တင်းတင်းကျပ်ကျပ်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article