ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် မတ္တရာမြို့နယ်အတွင်းရှိ စီတိုင်းကန်ရွာနှင့် ကျောက်တံတားအနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၉ နာရီ ၁၂ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က ထပ်မံပြီး Mi-35 ရဟတ်ယာဉ်ဖြင့် ဗိုလ်ကုန်းရွာ အနီးဝန်းကျင်ကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဒေသပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး။ ကျေးရွာနေပြည်သူတွေတော့ ထွက်ပြေးတိမ်းရှောင်နေရလည်း အသေးစိတ် အခြေအနေကိုတော့ ရွာထဲပြန်ဝင်မှပဲ သိနိုင်မယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကော်ဟဲကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၉ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုကပြောဆိုသည်။
ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေယာဥ်ဖြင့် ဘီးလင်းမြို့နယ်၊ ကော်ဟဲကျေးရွာနှင့် ကျေးရွာအနီးဝန်းကျင်ကို ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကောင်ဟဲကျေးရွာမှ ပြည်သူ ၅ ဦး ဗုံးသီး ကျည်စ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင်ကျေးရွာ အတွင်းရှိ နေအိမ် ၉ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








