ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ပြုလုပ်သည့် တအာင်း TNLA နှင့် စစ်ကောင်စီတပ်များအကြား ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးသွားကြောင်း TNLA က ယနေ့ ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ဟိုင်ဂင်ဟိုတယ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲသို့ TNLA ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီတပ်ဘက်မှ ကစထ ၁ မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် စစ်ကောင်စီတပ်ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
နှစ်ဖက် ဆွေးနွေးပွဲတွင် နှစ်ဖက်တောင်းဆိုတင်ပြမှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြပြီး၊ ဆွေးနွေးညှိနှိင်းရန် ခက်ခဲသဖြင့် ၁၇ ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံပွဲ ပြီးဆုံးခဲ့ကြောင်း ၊ TNLA က နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်၊ နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်းအစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်၊ နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန်တို့ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
သို့ရာတွင် နှစ်ဖက်ညှိနှိင်းဆွေးနွေးမှုခက်ခဲသည့်အခြေအနေရှိသောကြောင့် သက်ဆိုင်ရာအဖွဲအစည်းများအကြား ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်ထပ်တစ်ကြိမ်ပြန်လည်တွေ့ဆုံနိုင်ရန် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးပြီး တွေ့ဆုံမှုကို အဆုံးသတ်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
