ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် အစပ် ဖယ်ခုံမြို့ပေါ်ရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးနေကြောင်း ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ – PK Police မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ စတင်၍ ဖယ်ခုံမြို့ပေါ်မှ စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများ၏ နေအိမ်များနှင့် တော်လှန်ရေးတွင် ပူးပေါင်း ပါဝင်နေသူများ၏ နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စိတ်ကြိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဖယ်ခုံမြို့ပေါ် ရပ်ကွက်အနှံ့ရှိ နေအိမ်များကို ၃ ရက်ဆက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး နေအိမ် ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ညောင်ကုန်း အမှတ် ၁ ရပ်ကွက်နှင့် အမှတ် ၂ ရက်ကွက်ဘက်များတွင် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
” စစ်ခွေးတွေက တော်လှန်ရေးထဲ ရောက်နေတဲ့ သူတွေရဲ့ နေအိမ်ကို ရှို့တယ်လို့သာပြောတာ စစ်ဘေးရှောင်ပြီး မပြန်ရဲလို့ မပြန်တဲ့ အိမ်တွေကိုလည်း မီးတိုက်နေတယ်လို့ Non-CDM အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တစ်ဦးက ကျနော်တို့ကိုပြောတယ်။ ၃ ရက်ဆက်တိုက်လောက်ရှိပြီး မီးရှို့နေတာ ညောင်ကုန်း ၁ နဲ့ ၂ ရပ်ကွက်တွေ ဘက်မှာရှို့နေတာလို့ သိရတယ်။ နေအိမ်ပျက်စီးမှု အရေအတွက်ကိုတော့ မသိရသေးဘူး” ဟု ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ – PK Police မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
စစ်ရှုံးနေသော အကြမ်းဖက် စစ်တပ်သည် အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား၍ လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် သတိနှင့် သွားလာနေထိုင်ကြရန် ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ – PK Police က အသိပေး နှိုးဆော်ထားသည်။
ထို့ပြင် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၄ ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူသွားကြောင်း ၃၆၀၂ တပ်ရင်း သတင်းပြန်ကြား တာဝန်ခံရဲဘော် Red Star က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၀ ရက်မှ စတင်ကာ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သဖန်းကိုင်းကျေးရွာ၊ ကွမ်းအုံစုကျေးရွာ၊ အိုင်စောက်ကျေးရွာနှင့် ရွှေကူရွာ တို့ကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် အားလုံးကို ဖောက်ထွင်း၍ နေအိမ် အတွင်းရှိ ရွှေ ၊ ငွေ နှင့် အလှကုန် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူသွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သဖန်းကိုင်းကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များထဲမှ ရွှေလက်စွပ်၊ ငွေသားသိန်း ၂၀ ကို ယူဆောင်သွားပြီး ရွှေကူကျေးနှင့် ကွမ်းအုံစုကျေးရွာမှ ပြည်သူ ပစ္စည်းတွေကိုလည်း ဖျက်ဆီးကာ ဆန်များကိုလည်း မြေပေါ်တွင် သွန်းချထားခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
“သဖန်းကိုင်းကျေးရွာ၊ ကွမ်းအုံစုကျေးရွာ၊ အိုင်စောက်ကျေးရွာနဲ့ ရွှေကူရွာတွေကို စစ်ခွေး စစ်ကြောင်းက ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်နေအိမ် တွေကို ဖောက်ထွင်းပြီး နေအိမ်ထဲက အဖိုးတန် ရွှေ ၊ ငွေ နဲ့ အလှကုန် ပစ္စည်းအများအပြားကို ခိုးယူသွားတယ်လို့ သိရတယ်။ သူတို့ မလိုချင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်။ ဆန်တွေကို မြေပေါ်မှာ ဖြန့်ကျဲထားခဲ့တယ်” ဟု ၃၆၀၂ တပ်ရင်း သတင်းပြန်ကြား တာဝန်ခံရဲဘော် Red Star က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






