29 C
Yangon

ပြည်ပနိုင်ငံတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသော လူငယ်များကို စစ်မှုထမ်းရန် ရပ်ကွက်ရုံးသို့ လာရောက်ရန် ဆင့်ခေါ် ၊ ညောင်ဦးနှင့်မြောင်းမြတွင် စစ်မှုထမ်းရန် လူငယ်များစွာ ဆင့်ခေါ်ခံနေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ပြည်ပသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသော လူငယ်များကို စစ်မှုထမ်းရန်အတွက် ရပ်ကွက်ရုံးသို့ လာရောက်ရန် ဆိုသော ဆင့်ခေါ်စာများ ပေးပို့နေကြောင်း ပြည်ပရောက် လူငယ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြည်ပနိုင်ငံတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသော လူငယ်တစ်ဦးက ၎င်း၏ နာမည်ဖြင့် စစ်မှုထမ်းရန်အတွက် မင်္ဂလာဒုံမြို့ နယ်၊ ကုန်းတလပေါင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ယနေ့ နံနက် ၉ နာရီ လာရောက်ရန် အုပ်ချုပ်ရေးမှူးက ဆင့်ခေါ်လာကြောင်း ပြောဆိုသည်။

“ကျနော်က လက်ရှိ ကိုရီးယား မှာအလုပ်လုပ်နေပါတယ်။ အဲဒါကို ရန်ကုန်အိမ်ကို ဒီလိုစာတွေရောက်လာတယ်”ဟု ပြည်ပရောက် မြန်မာလူငယ်က ရှင်းပြသည်။

အလားတူ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ လူငယ်များကို အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းရန် အတင်း အဓမ္မ လက်မှတ်ရေးထိုးခိုင်းနေပြီး အပတ်စဉ် ၁၁ အတွက် စတင်လူစုနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်း-ညောင်ဦး လမ်းပိုင်း၊ ဗျတ္တ ပန်းဆက်လမ်း အနီးရှိ ဝါခင်းကြီးရွာ၊ ထန်းပေါက်ရုံရွာနှင့် သဲတွင်းရွာ တို့ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာအတွင်း လူငယ်များကို စစ်မှုထမ်းရန် အတင်း အဓမ္မ လက်မှတ်ရေးထိုးခိုင်းကြောင်း သိရသည်။

ထိုသို့ လက်မှတ်ရေးထိုးခိုင်းသည့် အထဲတွင် အိမ်ထောင်သည် အမျိုးသားများလည်းပါဝင်ပြီး မတ်လတွင် စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၁၁ ကို တက်ရောက်ရမည်ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးသည့် သူများအားလုံးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် လာရောက် ခေါ်ဆောင်မည်ဟု အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြောဆိုခဲ့ကြောင်း သိရှိရသည်။

“ဗျတ္တ ပန်းဆက်လမ်း အနီးက ရွာ ၃ ရွာကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စစ်သားတွေရောက်လာပြီး စစ်မှုထမ်းဖို့ လက်မှတ်လာထိုးခိုင်းတယ်။ ရွေးခေါ်တာမဟုတ်ဘူး။ လူငယ်ရှိတဲ့အိမ် အကုန်နီးပါး အိမ်ထောင်သည်တွေလည်း ပါတယ်။ အကုန်လုံးကို လက်မှတ်ထိုးခိုင်းတာ မိဘတချို့ဆို ငိုရည်ပြီး ပြောလည်းမရဘူး အတင်း အဓမ္မကို လက်မှတ်ထိုးခိုင်းတာ လက်မှတ်ထိုးထားတဲ့ လူငယ်တွေ အကုန်လုံးကို ဖေဖေဝါရီလ ၂၇ ရက်နေ့မှာ လာခေါ်မယ်လို့ပြောသွားတယ်။ ရွာကလူတွေ ဘာမှ မတတ်နိုင်ဘူး။ အသိပညာလည်းနည်းတော့ တစ်ခုခုဆို ကြောက်ပဲ ကြောက်နေကြတာ ဘာမှမတုန့်ပြန်ရဲဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဧရာဝတီတိုင်း၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် တစ်ရွာလျှင် လူငယ် ၄ ဦး ပေးရန် တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလကုန်ရက်ပိုင်းမှ စတင်၍ ဝါးခယ်မမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် တစ်ရွာလျှင် လူငယ် ၄ ဦးပေးရန် တောင်းခံနေခြင်ဖြစ်ကြောင်း၊ အိမ်ခြေ ၈၀ ကျော်ခန့်ရှိသော ကျုံစိန်ကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လူငယ် ၄ ဦး စစ်မှုထမ်း ပို့ပေးရန် တောင်းခံနေကြောင်း သိရှိရသည်။

“ဝါးခယ်မမြို့ နယ်တွင်းမှာ စစ်ခွေးတွေက တစ်ရွာကို လူ ၄ ဦးပေးဖို့ အတင်းအဓမ္မ တောင်းခံနေတယ်။ အိမ်ခြေ ၈၀ ကျော်လောက်ရှိတဲ့ ကျုံစိန်ကျေးရွာကိုလည်း စစ်မှုထမ်းဖို့ လူ ၄ ဦးပေးရမယ်လို့ တောင်းခံနေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကျွန်းထိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းဦးက စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် အကြမ်းဖက် စစ်တပ်က တစ်ရွာလျှင် လူငယ် ၄ ဦး တောင်းခံနေခြင်းကြောင့် စစ်မှုမထမ်းချင်သူများ ငွေကြေးပေးဆောင်ရန် ခြိမ်းခြောက် ငွေညှစ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ကျွန်းထိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းဦးက ကျေးရွာ ၄ ရွာမှ ပြည်သူများကို အရေးပေါ် အစည်းဝေးခေါ်ယူ၍ အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် တစ်ရွာလျှင် လူ ၄ ဦး တောင်းခံနေခြင်းကြောင့် ပြည်သူများအနေဖြင့် တစ်အိမ်လျှင် ငွေကျပ် ၈၀၀၀၀ ပေးဆောင်ရန် ခြိမ်းခြောက်တောင်းခံခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် အုပ်ချုပ်ရေးမှူး ဝင်းဦးက စစ်မှုထမ်းရန် လူစားထိုး ဝယ်ယူပါက မြောင်းမြမြို့မှ အကြမ်းဖက် စစ်တပ် အရာရှိအား ငွေကျပ် သိန်း ၁၂၀ ပေး၍ ဝယ်ယူရခြင်းကြောင့် တစ်အိမ်လျှင် ငွေကျပ် ၈၀၀၀၀ တောင်းခံခြင်းဖြစ်ကြောင်း၊ အစည်းအဝေး တက်ရောက်လာသူများကို မိမိ သဘောဆန္ဒဖြင့် ငွေကြေး ပေးဆောင်သည်ဟု လက်မှတ်ရေးထိုးခိုင်းပြီး အစည်အဝေးတွင် ပြောကြားချက်များ ပေါက်ကြားပါက ပြောဆိုသူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။

“အုပ်ကြီး ဝင်းဦးက အသံချဲ့စက်နဲ့ အော်ပြီး ၄ ရွာလုံးကို အစည်းအဝေး တက်ခိုင်းတာ မလာမနေရဆိုပြီး အစည်းအဝေးမှာ တစ်အိမ်ထောင်ကို ၈၀၀၀၀ ကျပ် ကောက်ခံတယ်။ မှတ်ပုံတင်နံပါတ်ရေးပြီး မိမိသဘောအလျောက် ပိုက်ဆံပေးပါတယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ သတင်းပေါက်ကြားရင်လည်း ပြောတဲ့သူကို စစ်တပ်ခေါ် ဖမ်းခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အုပ်ချုပ်ရေးမှူး ဝင်းဦးတွင် စစ်မှုထမ်းရန် သား ၂ ဦးနှင့် သားမက် ၂ ဦးရှိသော်လည်း စစ်မှုထမ်း စာရင်းတွင် မပါဝင်ကြောင်း၊ ကျွန်းထိပ်ကျေးရွာအုပ်စုတွင် သရက်တော ၊ ချောင်းဗြဲကြီး ၊ ငနိုးကွမ်းခြံ ၊ ကျွန်းမြသာယာ ဆိုသော ရွာခွဲ ၄ ရွာရှိပြီး ငွေကြေးပေးဆောင်ရသည့် အိမ်ခြေ ၄၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article