ရန်ကုန်၊ မတ် ၁၀
ပဲခူးတိုင်းတွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို ဆက်တိုက်ပေါ်တာဆွဲ ဖမ်းဆီးလျက်ရှိရာ အုတ်ဖိုမြို့နယ်၊ တောင်ကုန်းရွာမှ သားသည်ဖခင် ကိုရဲမင်းနိုင်ကိုလည်း စစ်မှုထမ်းခိုင်းရန် နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီးသွား၍ အသက် ၂ နှစ်အရွယ် သားဖြစ်သူ ကျန်ရစ်ခဲ့ကြာင်း ကိုရဲမင်းနိုင်၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မတ်လ ၉ ရက်နေ့ ည ၈ နာရီခန့်အချိန် အုတ်ဖိုမြို့နယ်၊ တောင်ကုန်းရွာမှ ကိုရဲမင်းနိုင်သည် နေအိမ်အတွင်း ထမင်းစားနေစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဧည့်စာရင်း ဝင်ရောက် စစ်ဆေးပြီး ၎င်းကို ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုရဲမင်းနိုင်တွင် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး ကျန်ခဲ့ပြီး တောင်ကုန်းရွာ အုပ်ချုပ်ရေးမှူး ဝင်းအောင်နှင့် ရာအိမ်မှူး ရွှေစင်တို့က ပေါ်တာဆွဲ ဖမ်းဆီးခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မနေ့က ည ၈ နာရီလောက်က ကိုရဲမင်းနိုင် နေအိမ်ထဲ ထမင်းစားနေတုန်း စစ်ခွေးတွေက ဧည့်စာရင်း စစ်မယ်ဆိုပြီး လှမ်းခေါ်လို့ ထွက်တွေ့နေတုန်းပဲ တခါတည်း ဆွဲခေါ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးသွားတာ ကိုရဲမင်းနိုင်မှာ အသက် ၂ နှစ်အရွယ် သားလေးကျန်ခဲ့တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ မတ်လ ၈ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ ကြက်ဆူတောရွာမှ လူငယ် ၆ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ အောင်လံမြို့နယ်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောင်လံမြို့နယ်ရှိ ပြလို့ တိုက်နယ်နှင့် ညောက်ပင်ဆိပ် တိုက်နယ် အတွင်းရှိ ကျေးရွာများမှ လူငယ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မတ်လပိုင်းမှ စတင်၍ ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း၊ မတ်လ ၉ ရက်နေ့ နံနက် ၈ နာရီခန့်ကလည်း လက်ပံကန်ကျေးရွာမှ ကြံခုတ်နေသည့် ပြည်သူ ၂ ဦးကိုလည်း စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။
“အောင်လံမြို့နယ်ထဲက ပြလို့တိုက်နယ်နဲ့ ညောက်ပင်ဆိပ် တိုက်နယ်ထဲက လူငယ်တွေကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေတာ တစ်နေ့ကို ၃ ဦး၊ ၄ ဦး အမြဲ ဖမ်းဆီးနေတာ စစ်ခွေးတွေကြောင့် လူငယ်တွေလည်း လုပ်ငန်းခွင်သွားဖို့ ခက်နေတယ်။ နေအိမ်ထဲကနေ မထွက်ရဲတော့တဲ့ အခြေအနေပဲ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ခွေးတွေ ပေါင်းပြီးဖမ်းနေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပေါ်တာဆွဲ ဖမ်းဆီးသွားသော အုတ်ဖိုမြို့နယ်၊ တောင်ကုန်းရွာမှ ကိုရဲမင်းနိုင်နှင့် သူ၏ အသက် ၂ နှစ်အရွယ် ကလေးငယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
