ရန်ကုန်၊ မတ် ၁၂
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် AA ၏ ထိုးစစ်ကြောင့် ညောင်ကျိုးတပ်စခန်းမှ စစ်ကောင်စီတပ်များမှာ ဥသျှစ် ပင်မြို့သို့ ပြန်လည် ဆုတ်ခွာနေပြီး တိုက်ပွဲများမှာ ဥသျှစ်ပင်မြို့အနီးသို့ ရောက်ရှိလာကြောင်း ဒေသပြည်သူများနှင့် ဥသျှစ်ပင်အခြေစိုက် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလမှစတင်ပြီး ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတပ်စခန်းတွင် AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများ ဆက်တိုက် ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်များက လေကြောင်းမှတစ်ဆင့် အကြီးအကျယ်ခုခံခဲ့ကြောင်း၊ သို့ရာတွင် တိုက်ပွဲများ ၂ လနီးပါး ကြာမြင့်လာချိန်တွင် စစ်ကောင် စီတပ်များမှာ ညောင်ကျိုးစခန်းမှ စတင်ဆုတ်ခွာပြီး ဥသျှစ်ပင်မြို့တွင် ခုခံစစ်ပြင်ဆင်နေကြောင်း ဥသျှစ်ပင်မြို့ အခြေစိုက် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ မတ်လ ၁၁ ရက်နေ့တွင် ပန်းတောင်းမြို့နယ်၊ ညောင်းကျိုးစခန်းကို AA ၏ ထိုးစစ်က ကျော်လွန်လာကာ ဥသျှစ်ပင်မြို့အနီးသို့ ဦးတည် ရောက်ရှိလာနေကြောင်း၊ စစ်တပ်စစ်ကြောင်းများနှင့် စစ်ကူများမှာ ဥသျှစ်ပင်မြို့ တွင် ပြန်လည် အင်အားစုစည်းနေကြောင်း သိရှိရသည်။
” AA ထိုးစစ်က ဥသျှစ်ပင်မြို့ထဲထိတော့ မရောက်သေးဘူး။ မြို့နဲ့တော့ တော်တော်နီးနေပြီ ။ စစ်ရေးကတော့ပြင်းထန်နေတယ်။ စစ်ကားတွေ အတက်အဆင်းများတယ်။ တောင်ပေါ်က ဒဏ်ရာရတဲ့ စစ်သားတွေကို ပြန်သယ်ထုတ်နေတယ်။ ထိုးစစ်က ဥသျှစ်ပင်မြို့ဘက်ကို ဦးတည်လာနေပြီပြောလို့ရပါတယ်။ တပ်ဘက်ကတော့ လေ ကြောင်းတိုက်ခိုက်မှုရော လက်နက်ကြီးတွေ တစ်လျှောက်လုံး ပစ်ခတ်နေတယ်” ဟု ဥသျှစ်ပင်မြို့ အခြေစိုက် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ စစ်ကူစစ်ကြောင်းများက ဥသျှစ်ပင်မြို့တွင် အကြီးအကျယ် စစ်ပြင်ဆင်နေကာ မြို့ကို အခြေပြုထားသော အမြောက်တပ်စခန်းများကလည်း လက်နက်ကြီးများဖြင့် တစ်ချိန်လုံး ပစ်ခတ်နေကြောင်း၊ ဥသျှစ်ပင် မြို့အနီးတွင် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်သံများကို ကျယ်လောင်စွာကြားနေရကြောင်း၊ စစ်ကောင်စီ၏ စစ်ယာဉ်တန်းများမှာလည်း ဥသျှစ်ပင်-ပန်းတောင်း လမ်းပိုင်းတွင် အတက်အဆင်းများပြားနေကြောင်း သိရှိရသည်။
ဥသျှစ်ပင်မြို့ပေါ်သို့ AA ၏ ထိုးစစ်များ ဦးတည်နေသဖြင့် စစ်တပ်က သင်တန်းဆင်း စစ်မှုထမ်းတပ်သား ရာပေါင်းများစွာကို ညောင်ကျိုးစခန်းနှင့် ဥသျှစ်ပင်မြို့သို့ ပို့ဆောင်တိုက်ခိုက်နေကြောင်း၊ သို့ရာတွင် တိုက်ပွဲအတွင်း စစ်မှုထမ်းတပ်သားသစ်များ သေဆုံးသူနှင့် ဒဏ်ရာ ရရှိသူ အလွန်များပြားနေသည့်အပြင် စစ်ကူစစ်ကြောင်းများ တပ်ပျက်သည်အထိ ကစဉ့်ကလျား ပြန်လည် ဆုတ်ခွာလာရမှုများလည်းရှိနေကြောင်း သိရှိရသည်။
“ညောင်ကျိုးမှာ ဒဏ်ရာရတဲ့ စစ်သားတွေကို ပြည်ဒစကနဲ့ အနီးအနားက တပ်စခန်းတွေနဲ့ တိုက်နယ်ဆေးရုံတွေမှာ ကုသပေးနေတယ်။ ကုတင်မလောက်လို့ မြို့တော်ခန်းမမှာတောင် ယာယီဆေးရုံအဖြစ် ကုတင်တွေချပြီး ကုသနေရတယ်” ဟု ပြည်မြို့ အခြေစိုက် တပ်သတင်းရင်းမြစ် တစ်ခုက ပြောဆိုသည်။
AA က ထိုးစစ်များကို ရခိုင်ပြည်နှင့်ထိစပ်နေသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းအတွင်းထဲအထိ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်လျက်ရှိကြောင်း AA က တရားဝင်သတင်းထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


