29 C
Yangon

ရန်ကုန်တွင် ဘေးတွဲ ဆိုင်ကယ်များကို ဖမ်းဆီးပြီး စစ်တပ်အတွက် သတင်းပေး လုပ်ရန်နှင့် စစ်မှုထမ်း တပ်သားစုဆောင်းပေးရန် ဖိအားပေး ခြိမ်းခြောက်

Must read

ရန်ကုန်၊ မတ် ၁၄

ရန်ကုန်တိုင်းအတွင်းတွင် ဘေးတွဲ ဆိုင်ကယ်များကို ဖမ်းဆီးပြီး စစ်တပ်အတွက် သတင်းပေးလုပ်ရန်နှင့် စစ်မှုထမ်း တပ်သားစုဆောင်းပေးရန် ဖိအားပေး ခြိမ်းခြောက်မှုများ ဖြစ်ပွားနေကြောင်း ဘေးတွဲ ဆိုင်ကယ်မောင်းနှင်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ ဘုရားလမ်းမှတ်တိုင်နှင့် ဇမ္ဗူဒိပ်လမ်းထိပ်တွင် အရပ်ဝတ် လက်နက်ကိုင် ပျူစောထီးများက ပြည်သူများကို ဘေးတွဲ ဆိုင်ကယ်များကို ဖမ်းဆီးပြီး ငွေညှစ်ကာ ငွေကြေးမပေးနိုင်ပါက ဆိုင်ကယ်ကို သိမ်းယူသွားကြောင်း၊ ဆိုင်ကယ်သိမ်းယူခံရသူများကို စစ်တပ်နှင့် ရဲများက သတင်းပေးလုပ်ပေးရန်နှင့် စစ်မှုထမ်း တပ်သားစုဆောင်းပေးမည်ဆိုလျှင် ဆိုင်ကယ်များ ပြန်ပေးမည်ဟု သိမ်းသွင်းစည်းရုံးကြောင်း သိရသည်။

“သင်္ဃန်းကျွန်း ဘုရားလမ်း မှတ်တိုင်နဲ့ ဇမ္ဗူဒိပ်လမ်းထိပ်နား လူမိုက် ပလွေကပ် တွေနဲ့ ဆေးမင်ကြောင်တွေ ထိုးထားတဲ့ ပျူခွေး ၁၀ ကောင်ပါတဲ့ အဖွဲ့က ဘေး တွဲ ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး ငွေညှစ်နေတာ ဒီနယ်မြေမှာ မတွေ့ဘူးတဲ့ကောင် တွေ အခြားကဖြစ်ဖို့များတယ်။ ငွေတောင်းမရရင် ဘေးတွဲတွေကို သိမ်းယူသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဒလမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ် မြို့နယ်များတွင်လည်း စစ်တပ်နှင့် ရဲများက ဘေးတွဲ ဆိုင်ကယ်များကို စီမံချက်ဖြင့် အရေးယူပြီး စစ်ကောင်စီက ဖွဲ့စည်းနေသည့် ပြည်သူ့လုံခြုံရေးအဖွဲ့များတွင် ပါဝင်၍ စစ်မှု ထမ်းတပ်သားစုဆောင်းပေးရန် စည်းရုံးနေကြောင်း သိရှိရသည်။

“သူတို့နဲ့ အလုပ်လုပ်ရင် ဘေးတွဲဆိုင်ကယ်ကို ဘယ်သူမှ ထပ်မဖမ်းတော့ဘူး။ အသိအမှတ်ပြု ကတ်ထုတ်ပေးမယ်။ အဲဒီအတွက် လုပ်ပေးရမှာက လူငယ်တွေကို စုဆောင်းပေးဖို့နဲ့ PDF လို့ မသင်္ကာတဲ့ သူတွေတွေ့ရင် သတင်းပေးဖို့ အဲဒါမျိုး စည်းရုံးတာ။ မလုပ်ရင်တော့ ဘေးတွဲလည်း ပြန်မပေးဘူး။ ငွေတတ်နိုင်ရင်တော့ ငွေနဲ့ ရွေးခိုင်းတယ်” ဟု လှိုင်သာယာမြို့နယ်တွင် ဘေးတွဲ ဆိုင်ကယ်မောင်းသူ တစ်ဦးက ဆိုသည်။

စစ်ကောင်စီက သာကေတမြို့နယ်အတွင်း ဘေးတွဲ ဆိုင်ကယ် မောင်းနှင်သူတချို့ကို သတင်းပေးအဖြစ် မွေးမြူပြီး စစ်မှုထမ်းခိုင်းရမည့် လူငယ်များ ရှိသော နေအိမ်များကို လိုက်လံ စစ်ဆေးခိုင်းခြင်း၊ ဧည့်စာရင်းဖြင့် လာနေသည့် လူငယ်များကို ထောက်လှမ်းခိုင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်တွင် ဘေးတွဲ ဆိုင်ကယ်များကို ဖမ်းဆီးနေသည့် စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်တွင် ဘေးတွဲ ဆိုင်ကယ်များကို ဖမ်းဆီးနေသည့် စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article