ညောင်ဦးတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိ
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်ယာဉ်တန်းများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ပုဂံဗိုလ်ချို အဖွဲ့ တာဝန်ခံ ရက္ခ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မတ်လ ၁၆ ရက်နေ့တွင် ပုဂံညောင်ဦးဘက်မှ ချောက်မြို့ဘက်သို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ်၏ သံချပ်ကာ ကား ၂ စီးနှင့် စစ်ကား ၂ စီးပါ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ပုဂံညောင်ဦး-ချောက် လမ်းပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့ ညနေပိုင်းတွင် ပုဂံညောင်ဦး-ချောက် လမ်းပိုင်း၌ လမ်းပတ်ရန် ထွက်လာသော စစ်ကားများကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“ပုဂံညောင်ဦးကနေ ချောက်ဘက် သွားတဲ့ လမ်းပိုင်းမှာ စစ်ခွေး ယာဉ်တန်းကို ပထမ အကြိမ် မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး ၁ ကောင်သေပါတယ်။ နောက်ပြီး ကင်းပတ်ဖို့ ထွက်ခွာတဲ့ စစ်ခွေးတွေကိုလည်း ထပ်မံ မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး ၄ ကောင်သေတယ်” ဟု ပုဂံဗိုလ်ချို အဖွဲ့ တာဝန်ခံ ရက္ခ က ပြောဆိုသည်။
