ရန်ကုန်၊ မတ် ၁၉
ရခိုင်ပြည်နယ်တွင် လှုပ်ရှားနေသော ARSA ခေါင်းဆောင် အပါအဝင် လူ ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး တရားမဝင် ဝင်ရောက်မှု၊ ရာဇဝတ်မှုများဖြင့် စတင်စုံစမ်းစစ်ဆေးနေကြောင်း ဘင်္ဂလားဒေ့ရှ်မှ လာသော သတင်းများအရ သိရှိရသည်။
မတ်လ ၁၆ ရက်နေ့တွင် ARSA ခေါင်းဆောင် Ataullah Abu Ammar Jununi အပါအဝင် ပတ်သက်ဆက်နွယ်သူ ၁၀ ဦး ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့ကို တရား မဝင် ဝင်ရောက်မှု၊ ရာဇဝတ်မှုများအတွက် ရမန် ၁၀ ရက်ယူထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ အခြားဖမ်းဆီးခံရသူများတွင် အသက် ၆၆ နှစ်အရွယ် Mostak Ahmed၊ အသက် ၂၇ နှစ်အရွယ် Salimullah ၊ အသက် ၂၄ နှစ်အရွယ် Asmatullah၊ အသက် ၄၃ နှစ်အရွယ် Md Hasan ၊ အသက် ၂၆ နှစ်အရွယ် Moniruzzaman၊ တို့ပါဝင်ကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ၏ အစီရင်ခံစာတွင် ဖမ်းဆီးခံရသူများသည် စုရုံးဆွေးနွေးတိုင်ပင်ကြပြီး ပြင်းထန်သော ရာဇ၀တ်မှုများ ပြုလုပ်ကြရန် လျှို့ဝှက်တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း ၊ARSA အဖွဲ့က လူသတ်မှု၊ လူမှောင်ခို၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှုနှင့် ငွေညှစ်မှု အပါအဝင် ရာဇ၀တ်မှုဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်နေကြောင်း၊ ARSA အဖွဲ့က ရိုဟင်ဂျာများ မြန်မာနိုင်ငံသို့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဆန့်ကျင်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ်စက်တင်ဘာလ ၂၉ ရက်နေ့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ခေါင်းဆောင် Mohib Ullah အသတ်ခံရပြီးနောက် ARSA အဖွဲ့၏ လှုပ်ရှားမှုများ အရှိန်မြှင့်လာကြောင်း၊ အသတ်ခံရသော Mohib Ullahက ရိုဟင်ဂျာများ နေရပ်ပြန်ရေးကို ထောက်ခံအားပေးနေကြောင်း သိရှိရသည်။
Mohib Ullah အသတ်ခံရပြီးနောက် ARSA က လုပ်ကြံသတ်ဖြတ်မှုများ၏ နောက်ကွယ်တွင်ရှိနေကြောင်း အသတ်ခံရသူ၏ ဆွေမျိုးများက ထုတ်ဖော်ပြောဆိုသော်လည်း ARSA ခေါင်းဆောင် Ataullah က သတ်ဖြတ်မှုတွင် လက်နက်ကိုင်အဖွဲ့၏ ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့သည်။
ARSA ၏ စစ်ဦးစီးချုပ် Ataullah သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ် အစိုးရ ၊DGFI အရာရှိတစ်ဦးကို သတ်ဖြတ်မှုနှင့်ပတ်သက်၍ စွပ်စွဲခံရသူ ၆၅ ဦးနှင့်အတူ တရားခံအဖြစ် သတ် မှတ်ခံခဲ့ရကြောင်း၊ DGFI တွင် တာဝန်ထမ်းဆောင်နေသော ဘင်္ဂလားဒေ့ရှ် တပ်မှ Rizwan Rushdeeသည် နယ်စပ်အနီးတွင် သေဆုံးခဲ့ရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



