ရန်ကုန်၊ မတ် ၂၆
မွန်ပြည်နယ်၊ ရေးမြို့ အမှတ် ၈ အာရှလမ်းမကြီးပေါ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၈၆ မှ တပ်အရာရှိများ စီးနင်းလာသော Vigo ကားကို ပစ်ခတ် တိုက်ခိုက်ရာ အရာရှိ ၁ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ရေးဘီလူး အဖွဲ့ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရေးမြို့ အမှတ် ၈ အာရှ လမ်းမကြီးပေါ်တွင် ခမရ ၅၈၆ တပ်ရင်းမှ တပ်အရာရှိများ စီးနင်းလာသော Vigo ကားအဖြူရောင်သည် ခမရ ၅၈၇ တပ်ရင်းကို လာရောက်စဉ် ရေးဘီလူး အဖွဲ့က စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး နှင့် တပ်သား ၂ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပြီး ရေးဘီလူးအဖွဲ့မှ တော်လှန်ရေး တပ်ဖွဲ့များဝင် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“အမှတ် ၈ လမ်းမပေါ်ကနေ ၅၈၇ တပ်ရင်းထဲကို လာမယ့် စကစ အရာရှိပါတဲ့ ကားကို ကျွန်တော်တို့ သတင်းအရ လမ်းခုလတ်ကနေ စောင့်ပစ်တယ်။ သူတို့ကလာတဲ့ ၅၈၆ တပ်ရင်းကနေ ဆိုရင်တော့ တစ်မိုင်ကျော်ကျော်လောက်ပဲ ရှိမယ်။ တူးမြောင်းနဲ့ လေယာဉ် ပျံကွင်းကြီးကြားမှာ ကင်းပုန်း နေရာယူပြီးတော့ အဲဒီကနေ စောင့်ပစ်တယ်။ ပစ်တဲ့အချိန်ကတော့ ၈ နာရီ ဝန်းကျင်လောက်တော့ ရှိမယ်။ ကျွန်တော်တို့ ဘက်က ထိခိုက်မှုမရှိဘူး။ အကောင်းဆုံး ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ရေးဘီလူး အဖွဲ့ တပ်ရင်းမှူးက ပြောဆိုသည်။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာပြီး သေဆုံးသွားသော အရာရှိ အလောင်းနှင့် တပ်သား အလောင်းများကို ၅၈၇ တပ်ရင်းထဲ ပြန်လည် သယ်ဆောင်သွားကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
